Thursday, October 10, 2013

နိုင်ငံရေးအကျဉ်းသားဟောင်းများကို အသက်မွေးဝမ်းကျောင်းမှု ပညာရပ်များ သင်ကြားပေးနေ

 မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများကို အသက်မွေး ၀မ်းကျောင်း ပညာရပ်များ သင်ကြားပေးပြီး အလုပ်အကိုင်ရရှိရေး အကူအညီ များပေးလျက် ရှိသည်ဟု ယင်းအစီအစဉ် ကို ဆောင်ရွက်ပေးနေသည့် အသင်းများမှ သိရသည်။


အဆိုပါ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းများကို ရန်ကုန်နှင့် မန္တလေးတို့တွင် တက်ရောက် သင်ကြားနိုင်ပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) (AAPP -B)နှင့် Former Political Prisoner (FPPs)တို့ ပူးပေါင်း ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ သင်တန်းတက်ရောက်ရန်အတွက် သင်တန်းကြေးနှင့် ခရီးစရိတ်များကို ယင်းအသင်းများမှ စီစဉ်ပေးခြင်းဖြစ်သည်။

အဆိုပါ သင်တန်းပေးခြင်း အစီအစဉ်တွင် ရန်ကုန်၌ လူ ၁၀၀ ခန့်နှင့် မန္တလေးတွင် အသက်မွေး ၀မ်း ကျောင်းပညာ ရပ်များအတွက် ကွန်ပျူတာအခြေခံ အပါတ်စဉ် (၃)အထိ သင်တန်းပေး ခဲ့ပြီးဖြစ်ရာ နိုင်ငံရေးအကျဉ်းသား ၃၀ ဦးခန့် တက်ရောက်ခဲ့ပြီး ဖြစ်သည်ဟုလည်း (AAPP-B) မှ သိရသည်။

သင်တန်းတက်ရောက်သူတစ်ဦးဖြစ်သည့် ၁၁ နှစ်ကြာ အကျဉ်းကျခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိန်အေးက “မိုဘိုင်းဆားဗစ်သင်တန်း လာတက်တာပါ။ သင်တန်းကာလက နှစ်လ ခွဲကြာ မယ်။ လောလောဆယ် AAPP-B က သင်တန်းကြေးသွင်းပေးတယ်။ ကားခပေးတယ်။ အဓိက အသက်မွေးဝမ်း ကျောင်းပညာရပ်ကို အကူအညီပေးတာ။ ကားမောင်းသင်တန်းဆိုရင် အပတ်စဉ်နှစ်ခု ပြီးပြီ။ လိုင်စင်ရတဲ့ အထိ ကူညီပေးတယ်”ဟု ပြောသည်။

သင်ကြားပေးသော သင်တန်းများမှာ ကွန်ပျူတာအခြေခံသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ ကားမောင်း သင်တန်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး အကြံပေးခြင်းသင်တန်း၊ ဗွီဒီယိုတည်းဖြတ်ခြင်းသင်တန်း၊ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း၊ ဖုန်းပြင်သင်တန်းများ ဖြစ်သည်။

သင်တန်းများ တက်ရောက်ပြီးစီးပါက အလုပ်အကိုင်ရရှိရေးအတွက်ပါ အကူအညီပေးလျက်ရှိသည်ဟု လည်း သိရသည်။ ယင်းသင်တန်းများသို့ တက်ရောက်လိုပါက နိုင်ငံရေး အကျဉ်းသားဟောင်းများအနေဖြင့် အဆိုပါ အသင်းများသို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ကျန်းမာရေး ထိခိုက်ချို့ယွင်းချက်များကြောင့် အရေးပေါ် အခြေအနေများ ကြုံတွေ့ပါကလည်း အကူအညီပေးနေသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံမှ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။

၎င်းက “အသက် ၆၀ ကျော်တွေ ပြီးတော့ ကျန်းမာရေး ရုတ်တရက်ချို့ယွင်းတာတွေ၊ ဆေးရုံတက်နေတဲ့ သူတွေဆီ ကို ငွေအကူအညီတွေပို့ပေးပါတယ်။ ထောင်ထဲမှာရှိနေတဲ့သူဆို မိသားစုကထောင်ဝင်စာသွား တဲ့သူရှိရင် တိုက်ရိုက် ကူညီပါတယ်။ မိသားစုက မသွားနိုင်ရင်တော့ ထောင်ကို တိုက်ရိုက်ပို့ပေးတယ် လတ်တလော လွတ်လာသူတွေဆေးဝါးကုသဖို့လိုရင် တတ်နိုင်သလောက် ဆေးကုပေးတယ်” ဟု ပြောသည်။

ထိုကဲ့သို့ ကူညီမှုများကို ဦးဝင်းတင်ဖောင်ဒေးရှင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)၊ Former Political Prisoner Society (FPPS)၊ NLD ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့က ညှိနှိုင်းတိုင်ပင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

Mizzima

No comments:

Post a Comment