Thursday, October 17, 2013

သစ်တောဥပဒေပါ အရေးယူခြင်းနှင့် သက်ဆိုင်သည့် ဒဏ်ကြေးငွေများ တိုးမြှင့်ရေးအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက်နေ

သစ်တောဥပဒေတွင် တားမြစ် သစ်ပင်များကို ကာကွယ်သည့် ပုဒ်မ ၄၂ အား ပိုမို ထိရောက်စေရန်အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်ရေး ဆောင်ရွက်လျှက်ရှိကြောင်း အောက်တိုဘာ ၁၅ ရက်က ပြုလုပ်သော အမျိုးသား လွှတ်တော်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးရှုမောင်၏" ထင်းရှူးပင်၊ ထင်းရှူးစိုက်ခင်း၊ ထင်းရှူးတောများ ထိန်းသိမ်းစောင့်ရှောက်ရာတွင် မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း" မေးခွန်းမေးမြန်းမှုအား ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နှစ်ခွထင်းရူးနှင့် သုံးခွထင်းရှူးဟူ၍ ထင်းရှူး နှစ်မျိုးရှိကြောင်း၊ သစ်တော သယံဇာတကောက်မှုများအရ ခန့်မှန်းထင်းရှူးတော ဧရိယာ ၈၃၀၉၄၆၂ ဧကရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ဖောင်းတောဒေသ၌ ၁၉၁၅ ခုနှစ်ခန့်၌ စိုက်ပျိုးခဲ့သည့် နှစ်ခွထင်းရူးပင်များမှ အနီးအနား တောင်ကြောများပေါ်သို့ ပျံ့နှံ့ပေါက်ရောက်နေသည့် ထင်းရှူးတော ဧရိယာ ၄၁၁၉ ဧကရှိပြီး ထင်းရှူးတော သဘာဝ နယ်မြေအဖြစ် သတ်မှတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်း ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။

ပြောင်းလဲနေတဲ့ ခေတ်စနစ်နှင့်အညီ သစ်တောဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေရာမှာ ထင်းရှူးအပါအ၀င်  တားမြစ်သစ်ပင်များကို ကာကွယ်တဲ့သစ်တောဥပဒေ  ပုဒ်မ ၄၂ ကို ပိုမိုထိရောက်စေရန်အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်ရေး ပြင်ဆင် ဆောင်ရွက်လျှက် ရှိပါကြောင်း    . . .
"ပြောင်းလဲနေတဲ့ ခေတ်စနစ်နှင့်အညီ သစ်တောဥပဒေကို ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေရာမှာ ထင်းရှူးအပါအ၀င် တားမြစ် သစ်ပင်များကို ကာကွယ်တဲ့ သစ်တောဥပဒေ ပုဒ်မ ၄၂ ကို ပိုမိုထိရောက်စေရန်အတွက် ဒဏ်ကြေးငွေများ တိုးမြှင့်ရေး ပြင်ဆင်ဆောင်ရွက်လျှက် ရှိပါကြောင်း အသိပေး တင်ပြ အပ်ပါတယ်"ဟု ဒုတိယ၀န်ကြီး ဦးအေးမြင့်မောင်က ပြောကြားသည်။
ယင်းသစ်တောဥပဒေ ပုဒ်မ ၄၂ ပုဒ်မ ခွဲ(ခ)အရ ခွင့်ပြုမိန့်မရှိဘဲ ကျွန်းမဟုတ်သည့် တားမြစ်သစ်ပင်မှ ထွက်ရှိသောသစ်ကို ထုတ်ယူခြင်း၊ သယ်ယူရွှေ့ပြောင်းခြင်း သို့မဟုတ် တရားမ၀င် လက်ဝယ်ထားရှိခြင်း ပြုလုပ်ပါက"မည်သူမဆို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ် ကျပ်နှစ်သောင်းအထိ ဖြစ်စေ၊  ထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ် ကျခံစေရမည်"ဟု ပြဋ္ဌာန်းထားသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနအနေဖြင့် ၁၉၈၁ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ထင်းရှူးစိုက်ခင်းများအား  ရှမ်းပြည်နယ်တွင် ၄၈၇၂၅ ဧက၊ ချင်းပြည်နယ်တွင် ၉၃၀၀ ဧက နှင့်  မန္တလေးတိုင်း ဒေသကြီး(ပြင်ဦးလွင်) ဧက ၂၅၀၀၊ စုစုပေါင်း ၆၀၉၉၄ ဧက အား တည်ထောင် စိုက်ပျိုးထားပြီး ဖြစ်ကြောင်းသိရသည်။
ထို့အပြင် ၁၉၉၆-၁၉၉၇ ခုနှစ်မှ စတင်၍ ၀န်ကြီးဌာနမှ ရှမ်းပြည်နယ်အတွင်း တည်ထောင်စိုက်ပျိုးသည့် ၄၈၇၂၅ ဧက အပါအ၀င် ရှမ်းပြည်နယ်အတွင်း ထင်းရူးတော ဧကပေါင်း ၆၅၄၃၇၃၆ ရှိပြီး ကလော တစ်မြို့တည်းတွင် ထင်းရှူးတော ဖုံးလွှမ်းမှု ၄၈၁၁၈ ဧက ရှိကြောင်း ဒုတိယ၀န်ကြီး၏ ဖြေကြား ချက်များအရ သိရသည်။

Eleven

No comments:

Post a Comment