Monday, October 21, 2013

အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ မန်ယူနိုက်တက် (မန်ယူနိုက်တက် ၁-၁ ဆောက်သမ်ပ်တန်

ပရီးမီးယားလိဂ် ပွဲစဉ် ၈ အဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန် အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းကြီးမှာ ကစားခဲ့ကြပါတယ်။ ရာသီအဖွင့် ဆိုးနေတဲ့ မန်ယူနိုက်တက်အနေနဲ့ အနိုင်ရဖို့ ကြိုးစားလာမှာ ဖြစ်သလို ဆောက်သမ်ပ်တန်ဟာလည်း ဒီနှစ် ပရီးမီးယားလိဂ်မှာ ရလာဒ်ကောင်းတွေနဲ့ တာထွက်လှနေတဲ့ အသင်း ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ အထူး သဖြင့် ဆောက်သမ်ပ်တန်ရဲ့ ခံစစ်ဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခံစစ် ဖြစ်နေပြီး တစ်ရာသီလုံးမှာ ပေးဂိုး ၂ ဂိုးတည်းသာ ရှိခဲ့ပါတယ်။

ပွဲထွက် ကစားသမားအဖြစ် မန်ယူနိုက်တက်မှာ ဂိုးသမား ဒီဂီအာ၊ နောက်တန်းမှာ ရာဖေးလ်၊ ဖီးလ်ဂျုန်း၊ အီဗန်၊ အီဗရာတို့ ပွဲထွက် ကစားသမားအဖြစ် ပါဝင်လာပါတယ်။ ကွင်းလယ်မှာ နာနီ၊ ကာရစ်၊ ဖလေနီနှင့် ဂျနုဇတ်တို့ ပွဲထွက်လာပြီး ဗန်ပါစီနှင့် ရူနီတို့ တိုက်စစ်မှာ ဦးဆောင်မှာ ဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ အသင်းရဲ့ ဝါရင့်နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဗီဒင်နှင့် ဖာဒီနန်တို့ အရံလူစာရင်းမှာတောင် ပါဝင် မလာခဲ့ပါဘူး။

ဆောက်သမ်ပ်တန်အသင်းမှာတော့ ဂိုးသမား ဘိုရုစ်၊ နောက်တန်းမှာ ကလိုင်နီ၊ ဖွန်တီ၊ လော့ဗ်ရင်နှင့် လုခ်ရှောတို့ ပွဲထွက်လာပါတယ်။ ကွင်းလယ်မှာ ရှနိုက်ဒါလင်၊ ဝမ်ယာမာ၊ လယ်လာနာနှင့် ဒေးဗစ်တို့ ပါဝင်လာပြီး ရော့ဒ်ရီဂါတ်နှင့် အော့စ်ဗယ်လ်ဒိုတို့ တိုက်စစ်မှာ ပါဝင်လာပါတယ်။
ပွဲအစမှာတော့ မန်ယူကွင်းမှာ ကစားတဲ့ ပွဲဖြစ်ပေမယ့် ဆောက်သမ်ပ်တန် အသင်းဟာ မာမာထန်ထန်နဲ့ ပွဲထွက်လာတာကို တွေ့ရပါတယ်။ ပွဲချိန် ၇ မိနစ်မှာ ဆောက်သမ်ပ်တန် ညာခြမ်းကနေ ဒေးဗစ် မတင်ပေးလိုက်တာကို ရော့ဒ်ရီဂါတ်ဇ် ခေါင်းတိုက်သွင်းဖို့ ကြိုးစားပေမယ့် လွဲချော်သွားခဲ့ပါတယ်။ ပွဲချိန် ၁၀ မိနစ်မှာတော့ မန်ယူနိုက်တက်ဖက်က တိုက်စစ်ဆင်လာခဲ့ပြီး ကာရစ် မတင်ပေးလိုက်တဲ့ ဘောလုံးကို ဗန်ပါစီက ဂိုးသမားကို ကျော်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက် မတည့်ခဲ့ပါဘူး။ ဆက်တိုက်ပဲ ၁၁ မိနစ်မှာ နာနီ မြေလှိမ့်ဘော ခင်းပေးလိုက်တာကို ဗန်ပါစီ ကန်သွင်းပေမယ့် ဆောက်သမ်ပ်တန် ဂိုးသမား ကာကွယ်လိုက်နိုင်ပါတယ်။
၂၃ မိနစ်မှာ ဆောက်သမ်ပ်တန်အသင်းအနေနှင့် ဂိုးရဖို့ အခွင့်အရေးကောင်း တစ်ခု ရခဲ့ပြီး ရူနီရဲ့ အမှားကနေ တစ်ဆင့် လယ်လနာ ဘောလုံး ရသွားပြီး ရှေ့မှာ ရှိနေတဲ့ အိုစ်ဗယ်လ်ဒိုကို ထိုးပေးလိုက်ရာမှာ ကျွတ်ကျွတ်လွတ်လွတ် ကန်သွင်းခွင့် ရခဲ့ပေမယ့် ကန်ချက်ပျော့တဲ့အတွက် ဒီဂီအာ ကာကွယ်နိုင်ခဲ့ပါတယ်။
၂၅ မိနစ်မှာတော့ မန်ယူနိုက်တက်တို့ အဖွင့်ဂိုး သွင်းယူလိုက်နိုင်ပါပြီ။ ဘယ်ခြမ်းကနေ ဂျနုဇတ် ခင်ပေးလိုက်တာကို ရူနီ အပိုင်ကန်သွင်းပေမယ့် ဂိုးသမား ပုတ်ထုတ်ကာကွယ်လိုက်တာကို ဗန်ပါစီ ရသွားပြီး အဝေးတိုင်ကို မြေလှိမ့်ဘော ကန်သွင်းလိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရော်ဘင် ဗန်ပါစီဟာ ဆောက်သမ်ပ်တန် အသင်းနှင့် ပရီးမီးယားလိဂ် ပွဲပေါင်း ၅ ပွဲ ဆုံတွေ့ခဲ့ဖူးရာမှာ ၅ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
်၂၇ မိနစ်မှာလည်း မန်ယူနိုက်တက်အနေနှင့် ဂိုးရလုနီးပါး ဖြစ်ခဲ့ပါသေးတယ်။ နာနီ ခင်းပေး လိုက်တဲ့ ဘောလုံးကို ရူနီ အပြင်းကန်သွင်းလိုက်တာ သိပ်ကောင်းပေမယ့် ဂိုးဘားတန်းကို ထိပြီး ပြန်ထွက် လာတဲ့အတွက် ယူနိုက်တက်အတွက် နစ်နာခဲ့ရပါတယ်။
ပွဲချိန် ၃၃ မိနစ်မှာတော့ ဆောက်သမ်ပ်တန်က ပြနလည် ထိုးဖောက်လာပြီး လော့ဗ်ရမ် ဧရိယာ အပြင်ဖက် ကနေ လှမ်းကန်ခဲ့ပေမယ့် ဂိုးသမားနဲ့ တည့်တည့်ဖြစ်နေတဲ့အတွက် ဒီဂီအာ ဖမ်းယူလိုက်နိုင်ပါတယ်။
ပထမပိုင်း ပွဲပြီးကာနီး အချိန်မှာ ဆောက်သမ်ပ်တန်အတွက် အခွင့်အရေးကောင်း တစ်ခု ရခဲ့ပါတယ်။ ဧရိယာထိပ်မှာ ဝမ်ယာမာကို ဗန်ပါစီ ဖျက်ထုတ်တာ ကြမ်းခဲ့တဲ့အတွက် ပြစ်ဒါဏ်ဘော ကန်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်သမ်ပ်တန်အနေနဲ့ အကောင်းဆုံး အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။
 
ပထမပိုင်းမှာ မန်ယူအသင်းအနေနဲ့ တစ်ဂိုးအသာနဲ့ ဦးဆောင်ကစားနိုင် ခဲ့ပေမယ့် ခြေစွမ်း က ဆောက်သမ်ပ်တန်ကို အသာစီးက မကစားနိုင်ခဲ့ပါဘူး။ မန်ယူ ကွင်းလယ်ရဲ့ ဖန်တီးမှု ဖြစ်ဖြစ်မြောက်မြောက် မပြုလုပ်နိုင်ခဲ့ပဲ တောင်ပံ ကစားသမားတွေ ဖြစ်တဲ့ ဂျနုဇတ်နှင့် နာနီတို့ အပိုင်အခွင့်အရေး ၂ ကြိမ်စီ ဖန်တီးပေးနိုင်ခဲ့တာကပဲ မန်ယူနိုက်တက်အတွက် အသာစီး ရစေခဲ့တဲ့ အချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဆောက်သမ်ပ်တန် ကွင်းလယ်ကစားသမားတွေရဲ့ အချိတ်အဆက် ကစား ပုံတွေက ကောင်းမွန်နေခဲ့ပြီး မန်ယူနိုက်တက်ကွင်းမှာ သူတင်ကိုယ်တင် ကစားနိုင်ခဲ့ပါတယ်။ တိုက်စစ် အနေနဲ့လည်း မန်ယူဂိုးပေါက်ကို  ၆ ကြိမ် ခြိမ်းခြောက်နိုင်ခဲ့တဲ့အထိ တာဝန်ကျေခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းဟာလည်း အကောင်းဆုံးမှာ ရှိမနေခဲ့ပါဘူး။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၁ ပွဲမှာ ပေးဂိုးမရှိ ကစားနိုင်ခဲ့တာ ဆိုလို့ ၂ ပွဲသာ ရှိခဲ့တဲ့ မန်ယူနိုက်တက်အနေနဲ့ ဒီနေ့ ပွဲစဉ်မှာ ပေးဂိုး ပေးရနိုင်တဲ့ အနေအထားရှိနေပါသေးတယ်။

တိုက်စစ်ပိုင်းအနေနဲ့တော့ ယူနိုက်တက် ကစားပုံဟာ မဆိုးလှဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ တောင်ပံ ကစားသမား နှစ်ယောက် ခြေစွမ်း ပြနေပြီး အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်နေပါတယ်။ ဝိန်းရူနီ အနေနဲ့လည်း ဂိုးကံခေနေလို့ ဂိုးမရပေမယ့် ခြေစွမ်း ကောင်းနေတဲ့ အနေအထား ဖြစ်ပါတယ်။ အနိုင်ဂိုး သွင်းယူထားတဲ့ ဗန်ပါစီကတော့ ဂိုးသွင်းယူထားနိုင်ပေမယ့် သာမာန်ခြေစွမ်း အဆင့်သာ ရှိတယ် လို့ ပြောရမှာပါ။ ဒုတိယပိုင်း ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
 
ဒုတိယပိုင်း ပွဲအစမှာ ဆောက်သမ်ပ်တန်အသင်းက ဖိအားပေးကစားလာခဲ့ပြီး ၄၈ မိနစ်မှာ မန်ယူ နောက်ခံ လူတွေ အထပ်ထပ် ပိတ်ထားတဲ့ကြားက ဂိုးသွင်းခံနိုင်ဖို့ နီးစပ်တဲ့အထိ ဖန်တီးနိုင်ခဲ့ပါတယ်။ အီဗန် အနီးကပ် ဖျက်ထုတ်လိုက်နိုင်လို့သာ သက်သာခဲ့တာ ဖြစ်ပါတယ်။ ၅၃ မိနစ်မှာလည်း ဆောက်သမ်ပ်တန်ရဲ့ ကစားကွက် အလှအပကို မြင်တွေ့ခဲ့ရပြီး အသင်းခေါင်းဆောင် လယ်လာနာ အနည်းငယ် လူကျွံနေခဲ့ လို့သာ အခွင့်အရေးတစ်ခု ဆုံးရှုံးလိုက်ရတာ ဖြစ်ပါတယ်။
 
၆၁ မိနစ်မှာ မန်ယူနိုက်တက်အနေနဲ့ ဒုတိယဂိုး ရဖို့ အသည်းအသန်ကြိုးစားခဲ့ကြ ပါသေး တယ်။ ဒေါင့်ကန်ဘောကို ဗန်ပါစီ ခေါင်းတိုက်ရာ ကောင်းခဲ့ပေမယ့် ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်လာ ခဲ့ပါတယ်။ ထွက်လာတဲ့ ဘောလုံးကို အတွင်းကို ပြန်သွင်းပေးလိုက်ရာမှာ နာနီ ခေါင်းတိုက် သွင်း ခဲ့သေးပေမယ့် ဆောက်သမ်ပ်တန် ဂိုးသမား အစွမ်းပြ ကာကွယ်လိုက်နိုင်ပါတယ်။ ဆက်တိုက်ပဲ မန်ယူနိုက်တက်က လူငယ်ကစားသမားလေး ဂျနုဇတ် အဝေးကနေ အပြင်းကန်သွင်းတာ သိပ်ကောင်းပေ မယ့် ဒီတစ်ကြိမ်မှာလည်း ဆောက်သမ်ပ်တန် ဂိုးသမား လက်စွမ်းပြ ကာကွယ်လိုက်နိုင်ပြန်ပါတယ်။ ကန်သွင်းချက်က သိပ်ကောင်းသလို ကာကွယ်လိုက်တဲ့ ဂိုးသမားလည်း အရမ်းတော်ခဲ့တာ ဖြစ်ပါတယ်။
 
၆၇ မိနစ်မှာ ရတဲ့ ဖရီးကစ်ကို ဆောက်သမ်ပ်တန် တိုက်စစ်မှူး အိုစ်ဗယ်လ်ဒို လွတ်လွတ် ကျွတ်ကျွတ် ခေါင်းတိုက်ခွင့် ရပေမယ့် ဂိုးပေါက်နဲ့ တစ်ခြားစီ ဖြစ်ခဲ့ပါတယ်။ သိပ်မကြာခင် မှာတော့ တောင် ပံ ကစားသမား နာနီအစား ရိုင်ယန်ဂစ် ဝင်ရောက် ကစားခဲ့ပါတယ်။ နာနီ ခြေစွမ်းပြ ကစားနေချိန်မှာ လူစားလဲလိုက်တာ နားမလည်နိုင်စရာ အနေအထား ဖြစ်ပါတယ်။ တကယ်တမ်း ကွင်းလယ်မှာ ဖလေနီ လူပိုတစ်ယောက်လို ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။  ၇၃ မိနစ်မှာတော့ ဆောက်သမ်ပ်တန် အသင်းခေါင်းဆောင် လယ်လာနာ အကောင်းဆုံး ခြေစွမ်းပြပြီး မန်ယူနောက်ခံလူတွေကို လှည့်ပြီး အဝေးကနေ ကန်သွင်း ခဲ့ပေမယ့် ဒီဂီအာ ဖမ်းယူနိုင်လိုက်ပါတယ်။ ၇၄ မိနစ်မှာလည်း ပေါလ် လမ်းဘတ် ဖန်တီးပေး တဲ့ ဘောလုံးကို အိုစ်ဗယ်လ်ဒို ကန်သွင်းခဲ့ပေမယ့် ဂိုးပေါက် လွဲချော်ခဲ့ပါတယ်။ ဒုတိယ ပိုင်းမှာ ဆောက်သမ်ပ်တန်အသင်းရဲ့ ကွင်းလယ်ခြေစွမ်းဟာ ချီးကျူးရလောက်အောင် ကောင်း မွန်နေပါ တယ်။
 
၇၃ မိနစ်မှာတော့ ဒီနေ့ ပွဲစဉ်မှာ ခြေစွမ်း သိပ်မပြနိုင်တဲ့ ဖလေနီကို ထုတ်ပြီး ဝဲလ်ဘတ် လူစားဝင် ကစားခဲ့ပါတယ်။ ၇၇ မိနစ်မှာ ရူနီ အနိမ့်ဘော ခင်းပေးလိုက်တဲ့ ဘောလုံးကို ရိုင်ယန်ဂစ် အနီးကပ် ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် အနည်းငယ် နောက်ကျနေခဲ့ပါတယ်။ ၈၅ မိနစ်မှာတော့ ဆောက် သမ်ပ်တန်အနေနဲ့ ချေပဂိုး ရယူဖို့ အကောင်းဆုံး အနေအထား တစ်ခု ရခဲ့ပါတယ်။ လယ်လာနာ ခင်းပေးလိုက်တဲ့ ဘောလုံးကို ပြေးတက်လာတဲ့ နောက်ခံလူ လုခ်ရှော အနီးကပ် အပြင်းကန်သွင်းပေမယ့် ဒီဂီအာ ကာကွယ်လိုက်နိုင်ပါတယ်။
 
၈၈ မိနစ်မှာတော့ ဆောက်သမ်ပ်တန်အသင်းအနေနဲ့ အဖိုးတန် ချေပဂိုး တစ်လုံး သွင်းယူလိုက်နိုင် ပါတယ်။ ဒေါင့်ကန်ဘောကို လူတွေ ရှုပ်ရှက်ခတ်နေတဲ့ အနေအထားမှာ လော့ဗ်ရန်က အနီးကပ် ပိတ်သွင်းလိုက်နိုင်တာ ဖြစ်ပါတယ်။ ရာသီအစ ရလာဒ်တွေ ညံ့ဖျင်းနေတဲ့ မန်ယူနိုက်တက်အတွက် နောက်ထပ် ရလာဒ်ဆိုး တစ်ခု ထပ်မ့ ကြုံတွေ့ရတော့မယ့် အနေအထား ဖြစ်ပါတယ်။ နာကျင်အချိန်ပိုအတွင်းမှာတော့ မန်ယူနိုက်တက်အသင်းဟာ ရလာဒ်ကောင်း ရနိုင်ဖို့ အထူး ကြိုးစားလာပေမယ့် ဆောက်သမ်ပ်တန် အသင်းဟာ အကောင်းဆုံး ခုခံ ကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နာကျင်အချိန်ပို ၉၄ မိနစ်မှာ ဆောက်သမ်ပ်တန်း အသင်းခေါင်းဆောင် လယ်လာနာ မြေလှိမ့်ဘော တစ်လုံး ကန်သွင်းခဲ့ပေမယ့် ဒီဂီအာ ကာကွယ်လိုက်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ ပွဲစဉ် ပြီးဆုံးသွားခဲ့ပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သရေ တစ်မှတ်သာ ရယူနိုင်ခဲ့ပါတယ်။
 
ဒီနေ့ ကစားပုံအရ မန်ယူနိုက်တက်အသင်းဟာ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခြင်း မရှိခဲ့ပဲ ဆောက်သမ်ပ်တန်အသင်းဟာ အဝေးကွင်းမှာ ခပ်မာမာ တုန့်ပြန် ကစားသွားခဲ့တဲ့အတွက် မန်ယူနိုက်တက်တို့ ရလာဒ် ဆိုးခဲ့ရတာ ဖြစ်ပါတယ်။ သရေရလာဒ်ဟာ နှစ်ဖက်အသင်း ခြေစွမ်းအရ မျှတတဲ့ ရလာဒ်ဖြစ်ပါတယ်။ မန်ယူနိုက်တက်အနေနဲ့ အရမ်း ညံ့ဖျင်းခဲ့တဲ့ အနေအထားတော့ မဟုတ်ခဲ့ပဲ ဂိုးကံခေခဲ့တာတွေ ရှိခဲ့တာကလည်း ရလာဒ်ဆိုးခဲ့ရခြင်းရဲ့ အကြောင်းရင်း တစ်ရပ် ဖြစ်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ မေးခွန်းထုတ်စရာတွေ ဖြစ်နေ ခဲ့ပြီး အနိုင်တစ်ဂိုး ရထားချိန်မှာ ရလာဒ်ကို ထိန်းဖို့ ကြိုးစားနေခြင်းဟာ အသင်းကြီး တစ်သင်းအတွက် မဖြစ်သင့်တဲ့ အနေအထား တစ်ခု ဖြစ်ပါတယ်။ သရေ ရမှတ် တစ်မှတ်စီ ခွဲဝေယူခဲ့ကြတဲ့ အတွက် ဆောက်သမ်ပ်တန်အသင်းဟာ အဆင့်လေး နေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။
Written by အောင်စိုးမိုး(နတ်ရွာ)

No comments:

Post a Comment