Thursday, October 10, 2013

ပင်နယ်တီအဆုံးအဖြတ်နဲ့ ဟံသာဝတီကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်နိုင်ခဲ့တဲ့ မကွေး

၂၀၁၃ #MNL Cup ပြိုင်ပွဲရဲ့ နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဟံသာဝတီနဲ့ မကွေးအသင်းတို့ရဲ့ ပွဲစဉ်မှာတော့ မကွေးအသင်းက ဟံသာဝတီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ မကွေးက ဟံသာဝတီကို တစ်သင်းလုံးတက်ကစားကာ ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့်လဲ ဟံသာဝတီက လူကျွံထောင်ချောက်တွေနဲ့ ပြန်လည်တုံ့ ပြန်ခဲ့တာပါ။ ပွဲအစ ၉ မိနစ်မှာပဲ ဟံသာဝတီ အသင်း အခွင့်အရေးရခဲ့ပြီး တိုက်စစ်မှူး အောင်အောင်ဦးဂိုးရှေ့မှာ အပိုင်ပိတ်သွင်းခဲ့ပေမယ့် ဘောလုံးက မိုးပေါ်ထောင်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ ၂၂ မိနစ်မှာ ဟံသာဝတီကွင်းလယ်လူ အောင်မြင့်ထွန်း မကွေးနောက်ခံလူတွေကို ကျော်ဖြတ်ပြီး ဘောလုံးက ဂိုးထဲမသွင်းခဲ့ပေမယ့် မကွေးဂိုးသမား ဘိုဟိန်း ကာကွယ်နိုင်ခဲ့လို့ မကွေးအသင်း ထပ်မံကံကောင်းခဲ့ရ ပြန်ပါတယ်။

ဒီပွဲစဉ်မှာ မကွေးအသင်းရဲ့ ခြေစွမ်းက ဟံသာဝတီထက် ကောင်းမွန်ခဲ့ပေမယ့် ဟံသာဝတီအသင်းကပဲ ဂိုးကန်သွင်းခွင့်တွေ ရခဲ့တာပါ။ပွဲချိန် ၂၈ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကရတဲ့ ဘောလုံးကို မကွေး တိုက်စစ်မှူး စိုးမင်းနိုင် ဂိုးထဲတိုက်ရိုက်သွင်းခဲ့ပေမယ့် ဂိုးဘားတိုင်ပေါ်က ကျော်သွားခဲ့တာပါ။ ဆက်တိုက် ဆိုသလိုပဲ ဟံသာဝတီကွင်းလယ်လူ အောင်မြင့်ထွန်း မကွေးနောက်ခံလူရဲ့ ဘောလုံး ထိန်းသိမ်းပုံ အမှားကနေ ဘောလုံးယူပြီး ဂိုးထဲမြေထောက်ဘော ကန်ခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက် ခဲ့လို့ ဟံသာဝတီတို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးတစ်ခု နစ်နာခဲ့ရတာပါ။ ဒုတိယပိုင်း ပြန် အစမှာတော့ ပွဲကအနည်းငယ် အေးတိအေးစက်ဖြစ် နေခဲ့ပါတယ်။ ၅၅ မိနစ် မှာ မကွေးလူငယ် တိုက်စစ်မှူးကျော်မြင့်ထွန်း တောင်ပံက ဖြတ်တင်ပေးတဲ့ ဘောလုံးကို အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးဘေးကထွက်သွားလို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးနဲ့ လွဲချော်သွားခဲ့ပြန်ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ မကွေး ကွင်းလယ်လူ ညီညီဇော် ထောင့်ကန် ဘောက တင်ပေးတာကို ခေါင်းတိုက် ဂိုးသွင်းခဲ့ပေမယ့် ဂိုးဘားတန်းထိပြီး ထွက်ခဲ့တာပါ။ နှစ်သင်းစလုံး အခွင့်အရေးကိုယ်စီရရှိခဲ့ကြပေမယ့် အနိုင်သေချာစေမယ့် ဂိုးတစ်ဂိုးကိုတော့ မဖန်တီးနိုင်ခဲ့ကြလို့ အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရပါတယ်။

၁၀၇ မိ နစ်မှာ မကွေးအသင်းနောက်ခံလူ စည်သူသန်းစိုး ထောင့် ကန်ဘောကချပေးတဲ့ ဘောလုံးကို ဂိုးထဲအပြင်း ပိတ်သွင်းခဲ့ပေမယ့် ဟံသာဝတီ ဂိုးသမား ကိုကိုနိုင် ပုတ်ထုတ်နိုင်ခဲ့ပါတယ်။ အချိန်ပို ကစားတဲ့အချိန်မှာ နှစ်သင်းစလုံးက အားထည့်ကစားလာတာကို တွေ့ရပြီးအနိုင်ရဖို့ ကြိုးစားလာကြ ပါတယ်။ ၁၁၆ မိနစ် မှာ ဟံသာဝတီအသင်း အဖွင့်ဂိုးရ လုနီးနီးဖြစ်ခဲ့ပြီး ဟံသာဝတီ တိုက်စစ်မှူး အောင်မျိုးသူရ ပင်နယ်တီ ဧရိယာထဲကနေ ဂိုးသမား ဘယ်ဘက်ထောင့်ထဲ အပြင်းကန် ခဲ့ပေမယ့် ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့လို့ နစ်နာခဲ့ရတာပါ။ အချိန်ပိုမိနစ် ၃၀မှာလဲ တစ်သင်းနဲ့ တစ်သင်း ဂိုးမသွင်းနိုင်ဘဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ဆက်ကစားခဲ့ရပါတယ်။

ပွဲချိန်အပြီး ပင်နယ်တီ ကန်သွင်းမှုးမှာတော့ ဟံသာဝတီ ကစားသမား အောင်အောင်ဦးရဲ့ ကန်သွင်းမှု လွဲချော်သွားခဲ့လို့ မကွေးအသင်းက ဟံသာဝတီကို ၅-၄ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင် ခဲ့တာပါ။
 Mizzima

No comments:

Post a Comment