Wednesday, October 9, 2013

ရေတပ်ပူးတွဲစစ်ရေး လေ့ကျင့်မှုကြောင့် အန္တရာယ်ဆိုးနှင့် အမေရိကန် ကြုံတွေ့ရမည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်



နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော ဂျော့ဝါရှင်တန် တောင်ကိုရီးယားတောင်ပိုင်း ဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားမှုကို အောက်တိုဘာ ၄ ရက်က ရိုက်ကူးထားသော ဓာတ်ပုံ (Photo:AFP)

အမေရိကန်၏ နျူစွမ်းအင်သုံး လေယာဉ်တင် သင်္ဘောတစ်စင်း ပါဝင်သော တောင်ကိုရီးယား၊ ဂျပန်တို့နှင့် ပြုလုပ်မည့် ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြောင့် အမေရိကန်သည် အန္တရာယ်ဆိုးနှင့် ကြုံတွေ့ရမည်ဟု အောက်တိုဘာ ၈ ရက်တွင် မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ပြီး ၎င်း၏တပ်ဖွဲ့များကိုလည်း တပ်လှန့်ထားလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယား အစိုးရက ပလူတိုနီယံ ဓာတ်ပေါင်းဖို ပြန်လည်စတင် လည်ပတ်ခဲ့ပြီး နျူလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်းအပေါ် တုံ့ပြန်သည့် အနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပူးတွဲမဟာဗျူဟာ စာချုပ်တစ်ခုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်း လက်မှတ်ထိုးခဲ့သည်။

အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေး လေ့ကျင့်မှုအား ကိုရီးယား ကျွန်းဆွယ်တွင် အောက်တိုဘာ ၈ ရက်၌ စတင်ရန် စီစဉ်ထားပြီး အမေရိကန်က နျူစွမ်အင်သုံး USS George Washington လေယာဉ်တင် သင်္ဘောကို စေလွှတ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား တပ်ဖွဲ့များ အနေဖြင့် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည့် စစ်ဆင်ရေးအတွက် အပြည့်အ၀ ပြင်ဆင်ထားကြရန် အမိန့်ထုတ်ထားသည်ဟု မြောက်ကိုရီးယားမှ ကိုရီးယား ပြည့်သူ့တပ်မတော် ဦးစီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်၏ ကြေညာချက်ကို နိုင်ငံပိုင် ကိုရီးယားဗဟို သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှု အခြေအနေမှာ ပြန်လည်ဆိုးရွား လာပြီဖြစ်ကြောင်း မြောက် ကိုရီးယားက ပြောကြားထားပြီး အမေရိကန်တပ်များ ပိုမိုပါဝင်လာလျှင် မမျှော်လင့်ထားသည့် အန္တရာယ်ဆိုး ပိုမိုဖြစ်ပေါ် လာစေနိုင်ကြောင်း သတိပေးခဲ့သည်။ မြောက်ကိုရီးယား ပြည်သူများနှင့် စစ်တပ်သည် မည်သည့်ကျူးကျော် ရန်စမှုကိုမဆို ယုံကြည်မှုရှိစွာဖြင့် မဆိုင်းမတွ တုံ့ပြန်သွားရန် အသင့်ရှိနေသည်ကို အမေရိကန်က မှတ်သားထားရန်လိုကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မုန်တိုင်းတစ်ခု ချဉ်းကပ်နေသောကြောင့် စစ်ရေးလေ့ကျင့်မှု အစီအစဉ်ကို ရွှေ့ဆိုင်းဖွယ်ရှိကြောင်း အမေရိကန်-တောင်ကိုရီးယား ပူးပေါင်းတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြားခဲ့သည်။

Ref:AFP

No comments:

Post a Comment