Wednesday, October 2, 2013

နိုင်ငံရေးအရ ပွင့်လင်းလာမှုကို အကြမ်းဖက်မှုများ လှုံ့ဆော်ရန်အတွက် အသုံးချခံမည် မဟုတ်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ပြောကြား

အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲရေးများနှင့် ပိုမိုပွင့်လင်းသော ဒီမိုကရေစီ လူ့အဖွဲ့အစည်းတစ်ခုသို့ သွားရာလမ်းကြောင်းကို ပျက်စီးသွားစေအောင် ကြံဆောင်ပြုလုပ်သည့် မည်သည့် လူမျိုးရေး၊ ဘာသာရေးလှုံ့ဆော် ကြံစည်မှုများကိုမှ ခွင့်ပြုနေမည်မဟုတ်ကြောင်း တနင်္လာနေ့ တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဆို သည်။

ယခု ပြောဆိုချက်သည် မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သော ပဋိပက္ခ မှုများ အပြီးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

''လှေကို နောက်ကြောင်း ပြန်သွားချင်တဲ့သူတွေ အမြဲရှိနေပါတယ်''ဟု ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပြောကြားသည်။ ''ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ ပွင့်လင်းလာမှုကို လူမျိုးဘာသာ မတူညီတဲ့ လူ့အဖွဲ့စည်းတွေအကြား အကြမ်းဖက်မှုတွေ ပြုဖို့အတွက် အသုံးချတာမျိုး ဘယ်သူ့ကိုမှ ခွင့်မပြုပါဘူး''ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကြောင့် ယခုအချိန်ထိ လူပေါင်း ၁၃၇ ဦး သေဆုံးခဲ့ရပြီး တစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီဖြစ်သည်။

အကြမ်းဖက်မှုများသည် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီး နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်း လဲ မှုများ ပြုလုပ်နေသည့် နိုင်ငံကို ခြိမ်းခြောက်လျှက်ရှိသည်။

''ကျွန်တော့်တို့ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ အခုမှ အစပြုတုန်းအထိ မခံနိုင်တဲ့ အခြေအနေမှာပဲ ရှိနေသေးတဲ့အတွက် အမှားတွေအတွက် နေရာနည်းနည်းသာရှိပါတယ်''ဟု ဦးဝဏ္ဏမောင်လွင်က ပြော ကြားသည်။ ထို့ပြင် ''ဒါကိုစိတ်ထဲမှာ ထည့်ထားပြီးတော့ သမ္မတကြီးက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲတဲ့ ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေမယ့် အရာမျိုးကို ၀ိုင်းဝန်းတားဆီးပေးဖို့၊ လူတိုင်းပါဝင်ဖို့ကို ပြောဆိုခဲ့တာဖြစ်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့နောက် ဦးဝဏ္ဏမောင်လွင်က မြန်မာအစိုးရသည် အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် အတွက် လည်း မြင်သာထင်သာရှိသည့် တိုးတက်မှုများ ရှိလာအောင် ပြုလုပ်နိုင်ခဲ့ သည်ဟု ပြော ကြား သည်။

''အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ဟာ နှစ်ပေါင်း ၆၀ အတွင်း လက်နက်ကိုင် အုပ်စုအားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ဖို့ နီးကပ်နေပါပြီ။ သိပ်မကြာခင်အချိန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သီချင်းသံတွေကို နေပြည်တော်မှာ ဂုဏ်ပြု သီဆိုနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်'' ဟု ၎င်းက အထွေထွေညီလာခံတွင် ပြောကြားသည်။

သူက ဆက်လက်ပြောဆိုရာတွင် အားလုံးပါဝင်နိုင်ပြီး အချိန်ကြာမြင့်စွာ တည်မြဲနေမည့် အပစ်အခတ်ရပ်စဲရေးအတွက် နိုင်ငံရေးစကားဝိုင်းဆွေးနွေးပွဲများ မကြာမီအချိန်တွင် ပြုလုပ်တော့ မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးဝဏ္ဏမောင်လွင်က ''ကျွန်တော်တို့ ငြိမ်းချမ်းရေးလမ်းကြောင်းကို အချိန်ကြာမြင့်စွာရရှိဖို့ ထိုက်တန်ခဲ့တဲ့ ပြည်သူတွေအတွက် မရရအောင်ကြိုးစားဖို့ စိတ်ဆုံးဖြတ်ထား ပါတယ်''ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment