Monday, October 21, 2013

သုံးခွတွင် တစ်ရွာတည်းသားချင်း လှံဖြင့်ထိုး

သုံးခွမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် တစ်ရွာတည်းသားချင်း စကားများရန်ဖြစ်ရာမှ လှံဖြင့် ထိုးခဲ့မှု တစ်ခု အောက်တိုဘာ ၁၉ ရက်က ဖြစ်ပွားခဲ့သည်။

အမှုတွင် ယင်းနေ့ညနေ ၅ နာရီခွဲက မုဒိတာကျေးရွာနေ ကျော်မျိုးဦးသည် တစ်ရွာတည်းနေ အေးရွှေဆို သူ၏ နေအိမ် အနောက်ဘက်တွင် ငါးပိုက်ဖော်နေ ခဲ့ပြီး အေးရွှေနှင့် မောင်ဇော် (စုံစမ်းဆဲ) တို့က ၎င်းတို့ အိမ်ရှိ ၀ါးကိုင်းများအား ခုတ်ချခဲ့ရာ ကျော်မျိုးဦး ငါးဖော်သည့် နေရာသို့ ၀ါးကိုင်းများ ကျခဲ့သည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ကျော်မျိုးဦးနှင့် အေးရွှေတို့ စကားများပြီး လုံးထိုးသတ်ပုတ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် အေးရွှေက ၎င်းခြံထဲရှိ အရှည်လေးပေခွဲခန့်ရှိ လှံနှင့်ထိုးခဲ့ရာ ကျော်မျိုးဦးတွင် ၀ဲခါးထိုးသွင်း ဒဏ်ရာ ရရှိခဲ့ပြီး သုံးခွဆေးရုံသို့ ပို့အပ် ကုသခဲ့သည်။

ထို့နောက် ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် လွဲပြောင်း ကုသနေရသည်ဟုလည်း သိရသည်။

ထို့ကြောင့် အေးရွှေကို အရေးယူပေးရန် ကျော်မျိုးဦးက တရားလိုပြုလုပ်တိုင်တန်းသဖြင့် သုံးခွရဲစခန်းက (ပ)၃၀၉/ ၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံရသူတို့အား ဖမ်းဆီးစစ်ဆေးသွားမည်ဖြစ်ပြီး ပြစ်မှုထင်ရှားပါက ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှ သိရသည်။

Mizzima

No comments:

Post a Comment