Friday, October 25, 2013

စိုက်/ဘဏ် မန်နေဂျာနှင့် သေဆုံးသူ အုပ်ချုပ်ရေးမှူးတို့အကြား ငွေကျပ် (၃၂၈) သိန်း ပျောက်ဆုံး

ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြမြို့နယ်၊ ကဒက်ကွင်း ကျေးရွာရှိ တောင်သူလယ်သမား (၉၄)ဦး ဆောင်းသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ (၃၂၈) သိန်းအားကျေးရွာ ဘဏ်ကော်မတီ ဥက္ကဋ္ဌဖြစ်သော ကျေးရွာ အုပ်ချုပ်ရေးမှူးအားပြန်လည် ပေးဆပ်ခဲ့ရာ အုပ်ချုပ်ရေးမှူး သေဆုံး သွားသောကြောင့် ၎င်း အုပ်ချုပ်ရေးမှူးနှင့် စိုက်/ဘဏ် မန်နေဂျာတို့ နှစ်ဦးကြားတွင် ငွေနှင့် စာရင်း ဇယားများ ပျောက်ပျက်နေကြောင်း သတင်းရရှိသည်။

ကဒက်ကွင်း ကျေးရွာမှ တောင်သူ (၉၄)ဦး သည် ၂၀၁၂ ခုနှစ် ဆောင်းသီးနှံ အတွက် ချေးယူ ထားသော ငွေ(၃၂၀)သိန်းအား ကျေးရွာ ဘဏ်ကော်မတီ ဥက္ကဋ္ဌဖြစ်သော ကျေးရွာ အုပ်ချုပ်ရေးမှူး မန်းတင်မောင်ဝင်းအား ပေးဆပ်ခဲ့ပြီး လက်ခံရရှိကြောင်း ရုံး တံဆိပ် ရိုက်နှိပ်ထားသော စလစ်ပြားတွင် လက်မှတ်ရေးထိုး ပေးခဲ့ကြောင်း၊ အဆိုပါ အုပ်ချုပ်ရေးမှူးမှာ ဇွန်လ(၂၈)ရက်တွင် ကွယ်လွန်ခဲ့ပြီး ယခုမိုးစပါး ချေးငွေ ထုတ်ချေးချိန်တွင် ဆောင်းချေးငွေများ မဆပ်သဖြင့် ထပ်မချေးနိုင်ကြောင်း၊ အုပ်ချုပ်ရေးမှူးပေးသော စလစ် ပြသောအခါ တရား မ၀င်ကြောင်း၊ ဆောင်းသီးနှံ စိုက်ပျိုးစ ရိတ်ချေးငွေ(၃၂၈) သိန်း ပြန်ဆပ်မှသာ ငွေချေးသွားမည်ဟု စိုက်/ဘဏ် မန်နေဂျာက ပြောကြောင်း လယ်သမားများက မြန်မာသံတော်ဆင့်သို့ပြောသည်။

““ကျွန်တော်တို့ အဲဒီငွေတွေကို အုပ်ချုပ်ရေးမှူးဆီမှာ ဆပ်ပြီးသားပါ။ အုပ်ချုပ်ရေးမှူး ကလည်း ဇွန်လ(၁၁) ရက်နေ့မှာ ဆိုင်ကယ် ကယ်ရီ ကိုထွန်းထွန်းဝင်းကို ခေါ်ပြီး မြောင်းမြစိုက်/ဘဏ်မှာ ငွေသွား သွင်းတယ်လို့ ကြားတယ်။ အရင်နှစ်တွေလည်း အဲလိုပဲ ဆပ်နေတာ ဒီနှစ် အုပ်ချုပ်ရေးမှူး သေမှ ပြဿနာဖြစ်တာ။ (၉)လပိုင်း (၅)ရက်နေ့က မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဘဏ်မန်နေဂျာ ရွာကိုလာတယ်။ ဘဏ်မန်နေဂျာက မင်းတို့ ဆောင်းငွေ မဆပ်သေးလို့ မိုးချေးငွေ မထုတ်ပေးနိုင်ကြောင်း၊မြန်မြန် ပြန်ဆပ်ကြဖို့ပြောတယ်။ ဆပ်ပြီးပြီလို့ ပြောတော့ အထောက်ထားတောင်းတယ်။ အုပ်ချုပ်ရေးမှူးပေးတဲ့ စလစ်ကိုပြတော့ တရားမ၀င်ဘူးပြောတယ်။ ဒီငွေ(၃၂၈)သိန်း ကို ပြန်ဆပ်မှချေးမယ်။ မဆပ်နိုင်ရင် မချေးဘူးလို့ ပြော တယ်”” ဟု ကဒက်ကွင်း ရွာမှလယ်သမား မန်းမိုးလေးစိန်က ပြောသည်။ …

အဆိုပါ ချေးငွေ (၃၂၈)သိန်းအား တစ်ဧကလျှင် နှစ်သောင်းခွဲနှုန်းဖြင့် လယ်သမားများက ပေးဆပ်ခဲ့ရပြီး မိုးဘဏ် ချေးငွေများ ထဲမှ ဖြတ်ယူ ထားကြောင်း၊ ကြွေးဆပ်ပြီး ဖြစ်သော်လည်း မိမိတို့ နစ်နာမှုများနှင့် ဆပ်ပေး ငွေများ ပြန်လည် ရရှိရန်အတွက် သက်ဆိုင်ရာသို့ တင်ပြတိုင်ကြားသွားမည် ဖြစ်ကြောင်း လယ်သမား နစ်နာသူများက ဆက်လက်ပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း စိုက်ပျိုးစရိတ်များအတွက် ချေးငွေများ ထုတ်ချေးရာတွင် ယခုကဲ့သို့ လိမ်လည်မှုများ ရှိနေပြီး အုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ဝန်ထမ်းများက လယ်မလုပ်သူများ ၊ သေဆုံးသူ များ၏ အမည်စာရင်းများဖြင့် လိမ်လည်ထုတ်ယူခြင်း၊ ဧကခွဲ၍ လူစာရင်းများပွားကာ ထုတ်ယူခြင်းတို့ကြောင့် တောင်သူ လယ်သမားများ ဘဏ်ငွေ ဆပ်ချိန်တွင် မလိုလားအပ်သော ပြဿနာ များ ကြုံတွေ့ လျက်ရှိသည်။

Myanmartandawsint Newspaper

No comments:

Post a Comment