Wednesday, October 9, 2013

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ရေး အစွမ်းကုန်ကြိုးစားရတော့မည် အင်္ဂလန်

လာမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ၂၀၁၄ အတွက် ဖီဖာမှနေပြီး ခြေစစ်ပွဲအောင်သည့် စာရင်းအပြည့် အစုံမထွက်သေးခင်မှာ ကမ္ဘာ့အဆင့် (၁) ကနေ (၇) အထိနှင့် အိမ်ရှင် ဘရာဇီးအပါအ၀င် ((၈) သင်းကို အုပ်စုခွဲရာတွင် အုပ်စု (၈) စုမှာ ဦးစားပေး (first pots) ခေါင်းဆောင်အသင်း များအဖြစ် ရွေးချယ်သွားမည်ဟု
ဖီဖာဝက်ဆိုက်ကြီးက အစောပိုင်းကကြေငြာထားခဲ့ပါသည်။ လစဉ် ဖီဖာမှနေပြီး ကမ္ဘာ့အဆင့်ကို သတ်မှတ်ခဲ့ပါသည်။ အောက်တိုဘာလအတွက် အဆင့်ကို ၁၇ ရက်နေ့မှာ ထုတ်ပြန်မည်ဖြစ်ပြီး၊ ထိုနေ့မှာ ထုတ်ပြန်မည့် ဖီဖာကမ္ဘာ့အဆင့်ဖြင့် အုပ်စုခွဲဝေရေး ဆုံးဖြတ်မည်ဟု သိရသည့်အတွက်လည်း ခြေစစ်ပွဲများ ရှိနေကြသည့်အသင်းများအတွက် ပေါ့လို့မရတဲ့အခြေအနေဖြစ်ပြီး အဆင့်ကောင်းရေး အပြင်းအထန် ကြိုးစား ကြမည်ဟု ယူဆရပါသည်။ လက်ရှိ ဖီဖာ၏ အစီအစဉ်ရ အိမ်ရှင်ဦးစားပေးနှင့်  အရင်လတွေ တုန်းက ရရှိနေသည့် အဆင့်များဖြင့် ထိပ်သီးဖြစ်မည့် အသင်း(၈)သင်းမှာ ...

၁။ ဘရာဇီး (အိမ်ရှင်)
၂။ စပိန်
၃။ အာဂျင်တီးနား
၎။ ဂျာမနီ
၅။ အီတလီ
၆။ ကိုလံဘီယာ
၇။ ဘယ်ဂျီယံ
၈။ ဥရုဂွေး

စတဲ့ အသင်းတို့ဘဲဖြစ်ကြပြီး၊ တောင်အမေရိကမှ (၄) သင်း နှင့် ဥရောပ မှ (၄) သင်းအသီးသီးဖြစ်တည်နေပါတယ်။ ဥရောပဇုန်မှာ ခြေစစ်ပွဲများ (၂)ပွဲစီ ကျန်ကြသေးတာမို့ နာမည်ကြီး အသင်းများဖြစ်ကြတဲ့ နယ်သာလန်၊ ခရိုအေးရှား၊ ရုရှား နှင့် အင်္ဂလန် စသော အသင်းများ နောက်ဆုံး လက်ကျန် ခြေစစ်ပွဲတွေမှာ အောင်မြင်မှုများရနိုင်ရင် အဆင့် ၇ အတွင်းဝင်နိုင်ဖို့  မျှော်လင့် ချက်ရှိနေမှာ ဘဲဖြစ်ပါတယ်။

အုပ်စု (H) မှာ အင်္ဂလန်အသင်း၏ အခြေအနေက ရမှတ် ၁၆ မှတ်ဖြင့်၊ ယူကရိန်း နှင့် မွန်တာနီဂရိုး အသင်းတို့ထက် ၁ မှတ်သာအနေအထား ဖြစ်နေပါသည်။ လက်ကျန် (၂) ပွဲအဖြစ် အောက်တိုဘာ ၁၁ ရက်နေ့ သောကြာနေ့မှာ မွန်တာနီဂရိုးဖြင့်အိမ်ကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီးတော့၊ ၁၅ ရက်နေ့မှာလည်း ပိုလန်အသင်းကို ထပ်မံဧည့်ခံ ကစားရဖို့လည်း ရှိပါသည်။ အင်္ဂလန် ယှဉ်ပြိုင်ရမည့် နှစ်သင်းစလုံးဟာ ကမ္ဘာ့ဖလား ၀င်ခွင့်အတွက်
အသက်ရှိနေတာကြောင့် ဗိုလ်လုပွဲသဖွယ် ယှဉ်ပြိုင်ကစားရတော့မှာပါ။ လက်ရှိ အင်္ဂလန်အသင်း၏ ကမ္ဘာ့အဆင့်က ၁၇ နေရာမှာရှိနေပါသည်။ အဆင့် ၁ ကနေ ၇ အတွင်း ၀င်နိုင်ရန် အရေးထက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အုပ်စုဗိုလ်ဖြင့် တိုက်ရိုက်အောင်မြင်နိုင်ဖို့က အဓိက ရည်မှန်းချက် သဖွယ်ဖြစ်နေ ပါသည်။

ဒီတခေါက်မှာ  ခြေစစ်ပွဲအတွက် ပြန်ကစားလာနိုင်ပြီဖြစ်တဲ့ ရွန်းနေ နှင့် လီဗာပူးမှာ ခြေစွမ်းထက်နေတဲ့ စတားရစ် တို့၏ တိုက်စစ်အားဖြင့် အင်္ဂလန်အသင်း ပြိုင်ဘက်အသင်းများကို အနိုင်ယူရတော့မှာပါ။ စိတ်မကောင်းဖွယ်တခုကတော့ ချဲလ်ဆီးနောက်ခံလူ အရှလေကိုးတစ်ယောက် ဒဏ်ရာအနာတရ ဖြစ်နေတာကြောင့် အင်္ဂလန်အသင်းအတွက် နစ်နာမှုတစ်ခု ဖြစ်လာပါသည်။ တကယ်လို့ ရှုံးခဲ့ရင်တော့ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် အာမခံမရှိတော့ပါဘူး။ ယူကရိန်းက ပိုလန်ကို ရှုံးနိမ့်ခဲ့ရင်လည်း အင်္ဂလန် အတွက် (၂) ပွဲပေါင်း (၄) မှတ်စွမ်းဆောင်ယုံနဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ အနေအထား လည်း ရှိပါသေး၏။ လမ်းပတ်၊ ရွန်းနေ နှင့် ၀ီရှဲယား အသီးသီး တို့က  ကမ္ဘာ့ဖလားဝင်ခွင့် လက်မှတ်ကို ဒီတစ်ပတ်အတွင်းမှာ ရအောင်ယူမယ်ဟု
ကျုံးဝါးထားကြပါသည်။ နောက်ဆုံးလက်ကျန် ကန်ရမည့် နှစ်သင်းစလုံးက အဝေးကွင်းပွဲစဉ်များမှ သရေရလဒ်ဖြစ်တည်ခဲ့တဲ့ အသင်းများဖြစ်တာကြောင့် အင်္ဂလန်အသင်း ပေါ့ဆကစားလို့ မရဘဲ အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကစားရဖွယ်ရှိပါသည်။ ဒါကြောင့် လာမည့် သောကြာ နှင့် အင်္ဂါနေ့တို့တွင် ယှဉ်ပြိုင်ကစားရမည့် ဥရောပခြေစစ်ပွဲစဉ်များကို ကြိုတင်ရင်ခုန်ရင်း၊ အောက်တိုဘာ (၁၇) ရက် နေ့ မှာမည်သည့်နိုင်ငံတွေက အဆင့် ၁ ကနေ ၇ အတွင်းရရှိအောင်ပွဲခံနိုင်ကြမည် ဆိုတာ စောင့်မျှော် အားပေးနိုင် ဖို့ အသိပေး ရေးသားမိပါသည်.။။။


Written by မိုးတိမ် (တမာမြေ)

No comments:

Post a Comment