Wednesday, October 9, 2013

“၀”ထိန်းချုပ်ဒေသတွင် ၂၀၁၄ ဧပြီလဆန်း သန်းခေါင်စာရင်း ကောက်ဖို့သဘောတူ

“၀” ပြည် သွေးစည်းညီညွတ်ရေး ပါတီ UWSP ထိန်းချုပ်ဒေသများ၌ နေထိုင်နေကြသည့် “၀” ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေးအတွက် သန်းခေါင် စာရင်း ကောက်ယူရေး ကိစ္စကို လာမည့် ၂၀၁၄ ခုနှစ် ဧပြီလဆန်း၌ စတင်ကောက်ယူရန် သဘောတူညီမှုရရှိပြီးဖြစ်ကြောင်း ပြောရေးဆို ခွင့်ရှိသူ ဦးအောင်မြင့် က ပြောကြားခဲ့သည်။

“အစိုးရက နှစ်ပေါင်း ၃၀ ခြားပြီးတော့ လာရောက်ကောက်ယူဖို့ ကမ်းလှမ်းတဲ့အပေါ် “၀” အဖွဲ့အနေနဲ့ သဘောတူတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့စီးပွားရေး၊ နိုင်ငံရေးတွေနဲ့ ပတ်သက်နေပါတယ်” ဟု ဦးအောင်မြင့် က ပြောသည်။

သန်းခေါင်စာရင်းကောက်ယူနိုင်ရန် အစိုးရမှလိုအပ်သည့် အချက်အလက်များ ချမှတ်ပေးမည်ဖြစ်သည်။ ယင်းအပြင် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အဖွဲ့ခြောက်ဖွဲ့ ဖွဲ့စည်းကာ လေ့ကျင် သင်ကြား ပေးသွားမည်ဖြစ်သည်။

ထို့နောက် ၂၀၁၄နှစ်ဆန်း မတ်လအကုန် ဧပြီလဆန်းခန့်၌ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်း စဉ်များ စတင် လုပ်ဆောင်သွားမည်ဖြစ်ကာ ထိုကောက်ယူရရှိသည့် အချက်အလက် များအား နိုင်ငံတော် အစိုးရ သန်းခေါင်စာရင်းကောက်ယူရေး အဖွဲ့သို့ ပေးပို့ သွားမည်ဟုလည်း ဦးအောင်မြင့် ကပြောသည်။

သန်းခေါင်စာရင်းကောက်ယူရန် သဘောတူညီမှုကို အောက်တိုဘာလ ၄ ရက်တွင် “၀” ထိန်းချုပ်နယ်မြေ ပန်ဆမ်းမြို့ ပြည်သူ့ခန်းမ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် “၀” အဖွဲ့မှ ဒု-ဥက္ကဋ္ဌ ရှောက်မီလျံတို့ တွေ့ဆုံစဉ်သဘောတူခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် “၀” ဒေသ၏ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးထားသည့် ရော်ဘာလုပ်ငန်းစီးပွားဖြစ် ထုတ်လုပ်နိုင်ရန်လည်း နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည်။

“၂၀၀၅ ခုနှစ်မှာ ဘိန်းကင်းစင်ဒေသ အဖြစ် အကောင်အထည်ဖော်လာနိုင်ပြီးနောက် စိုက်ပျိုးထား တဲ့ ရော်ဘာတွေ ထုတ်လုပ်ဖို့ အတွက် “၀” ဒေသမှာရှိတဲ့ လူဦးရေလောက်နဲ့ မလောက်တော့ပါဘူး။ ဒီအတွက် လိုအပ်နေတဲ့ အလုပ်သမားတွေ ပြည်မမှာရှိတဲ့ “၀” ဆက်ဆံရေးရုံး၊ စီးပွားရေးရှာဖွေ စုဆောင်း သွားပြီး အလုပ်အကိုင် ဖန်တီးပေးသွားဖို့ ဆွေးနွေးခဲ့တယ်” ဟုလည်း ဦးမြင့်အောင် က ပြောကြားခဲ့သည်။
 Mizzima

No comments:

Post a Comment