Monday, October 21, 2013

ဗုံးဖောက်သူများ၏ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNU တို့ ရှင်းလင်းချက်ကွဲလွဲနေ

အောက်တိုဘာ ဒုတိယပတ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် ဗုံးဖောက်ခွဲမှုများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောဆိုထားသော်လည်း ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ကြီးထွားအောင်လုပ်ဆောင်သည်ဟု KNU (ကရင်အမျိုးသား အစည်းအရုံး)က သုံးသပ် ပြောဆိုလိုက်သည်။

ဗုံးဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်သူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီဖြစ်ပြီး ၎င်းတို့၏ ၀န်ခံထွက်ဆိုမှုအပေါ် အစိုးရနှင့် KNU တို့၏ ရှင်းလင်းချက်မှာ အထက်ပါအတိုင်း ကွဲလွဲနေခြင်း ဖြစ်သည်။

“လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခကို ပြန်လည်ဖြစ်ပွားအောင် ဒီလို ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော်ကတော့ သုံးသပ်မိပါတယ်။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကို ထိခိုက်အောင်ဆိုတာကတော့ အပေါ်ယံပြထားတဲ့ ကိစ္စလို့ပဲ ကျွန်တော်တို့က သုံးသပ်ပါတယ်”ဟု KNU ၏ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်ပြီး အောက်တိုဘာ၂၀ရက်က ရန်ကုန်ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) တွင် KNU ဘက်မှ ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့မှ ရှင်းလင်းပွဲပြုလုပ်စဉ် ယင်းကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။

အဆိုပါ ဗုံးဖောက်ခွဲမှုနှင့် ပါဝင်ပတ်သက်သူများကို ရဲတပ်ဖွဲ့က စစ်ဆေးရာတွင် KNU နှင့် ဆက်စပ်မှုရှိသည်ဟု ထွက်ဆိုထားသည့်အတွက် KNU ကိုလည်း စစ်ဆေးခွင့်ပြုခဲ့ရာမှ ရရှိသော အချက်အလက်များကို KNU က ယခုကဲ့သို့ ရှင်းလင်းခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်က အစိုးရဘက်မှ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင် သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး ဗုံးဖောက်ခွဲရန် စေခိုင်းသူမှာ KNU နှင့်ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းတစ်ခုမှ တာဝန်ခံဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ဟန့်တားရန် ဖမ်းဆီးခံထားရသူများက ထွက်ဆိုထားသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ချုပ် ရဲချုပ်ဇော်ဝင်းက ရှင်းလင်း ပြောဆိုထားသည်။ ဘာသာရေးနှင့် ပတ်သက်ကြောင်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိခဲ့ပေ။

ဖမ်းမိထားသည့် တရားခံများကို KNU မှ စစ်ဆေးမေးမြန်းချက်အရ ပဒိုမန်းငြိမ်းမောင်က “သာသနာ့နိက အဆောက်အအုံတွေ အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဘာသာရေးအထွတ်အမြတ် အဆောက်အအုံကိုတောင် ဖောက်ခွဲလိုက်မယ်ဆိုလို့ ရှိရင် အနည်းဆုံးတော့ ပြေငြိမ်းနေတဲ့ ပဋိပက္ခတွေကို ပြန်လည်ပြီးတော့ ဖော်ဆောင်တယ်၊ ဖန်တီးတယ်လို့ သုံးသပ်တွေ့ရှိရတယ်”ဟု ပြောဆိုသည်။

သို့သော်လည်း အဆိုပါ ဗုံးဖောက်ခွဲရန် စေခိုင်းသူဟု ရဲက သံသယရှိနေသည့် စောနေတိုး(ခ)စောရွှေထူးကို လက်ရှိအချိန်ထိ ဖမ်းမိနိုင်ခြင်း မရှိသေးပေ။

စောရွှေထူးမှာ KNU ၏ အောက်ခြေတွင်ရှိသည့် မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်းမှ တာဝန်ခံဖြစ်သည်ကို ပဒိုမန်းငြိမ်းမောင်က အတည်ပြု ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍လည်း ပဒိုမန်းငြိမ်းမောင်က “KNU နဲ့ပတ်သက်တဲ့ အဖွဲ့ဝင်တစ်ယောက် လုပ်ဆောင်ပြီဆိုရင် တာဝန်ရှိတာပေါ့။ ကျွန်တော်တို့ တာဝန်ယူရမယ်၊ တာဝန်ခံရမယ်။ ကျွန်တော်တို့ ဒါကို တရားမျှတစွာ ဖော်ထုတ်သွားမယ်၊ အရေးယူ ဆောင်ရွက်သွားမယ်။ နိုင်ငံတော်နဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ ကျွန်တော်တို့ KNU ရဲ့ သဘောထားကို ပြောပြီးသားပါ”ဟု ၎င်းက ဆိုသည်။

သို့သော် ယခုအတောအတွင်း ဖြစ်ခဲ့သည့် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များမှာ KNU ၏ သဘောထား မဟုတ်ဟု လည်း ပဒိုမန်းငြိမ်းမောင်က ပြောသည်။

ယခုလ ၉ ရက်မှစပြီး တောင်ငူ၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် နမ့်ခမ်းတို့တွင် ဗုံးပေါက်မှုနှင့် ဗုံးတွေ့ရှိမှုများ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး ဗုံးပေါက်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။ ယင်းအပြင် ဗုံးလန့်မှုများသည်လည်း ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသေးသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကိုလည်း ယခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိနေသေးရာ နိုဝင်ဘာလအတွင်းတွင် ၆ ဘီလီယံ တန်ဖိုးရှိသည့် လုံခြုံရေးပစ္စည်းကိရိယာများကိုလည်း ၀ယ်ယူတပ်ဆင်ရန် အစိုးရက စီစဉ်နေသည်။

“နောက်လထဲမှာ ၆ ဘီလီယံကျပ် တန်ဖိုးရှိ နည်းပညာအထောက် အကူပစ္စည်းတွေ ၀ယ်ယူ တပ်ဆင်ပြီးတော့ ပြည်သူလူထုရဲ့ လုံခြုံရေး၊ နိုင်ငံတော်ရဲ့ လုံခြုံရေးတွေ စီစဉ်ထားပြီးဖြစ်ကြောင်း ရှင်းလင်းလိုပါတယ်”ဟု ရဲချုပ်ဇော်ဝင်းက အောက်တိုဘာ ၁၈ ရက်က ပြောဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment