Monday, November 25, 2013

ဘုရင့်နောင် နှစ်ထပ် ခုံးကျော်တံတား တရားဝင်ဖွင့်

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် တည်ဆောက်ခဲ့သည့်တံတားတစ်စင်းဖြစ်သော ဘုရင့် နောင် နှစ်ထပ် ခုံးကျော်တံတားကို နိုဝင်ဘာ ၂၄ ရက်မှ စတင်ကာ နှစ်ထပ်စလုံး သွားလာ ခွင့် ပြု လိုက်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဌာနမှ ဒုဌာနမှူး ဦးစည်သူလွင်က မဇ္ဈိမကို ပြောသည်။ ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား အောက်လမ်း ကို အောက် တိုဘာ ၃၁ ရက် က ယာဉ်သွားလာခွင့်ပြုခဲ့ပြီး အပေါ်လမ်းကို နိုဝင်ဘာ ၂၄ ရက်တွင် ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နှစ်ထပ် ခုံးကျော်တံတားဖွင့်ပွဲကို ဆီးဂိမ်းမတိုင်မီ ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း ဦးစည်သူလွင်က ဆိုသည်။

“နှစ်ထပ်စလုံးပြီးသွားပြီ အောက်ထပ်မှာလုပ်ဖို့ အသေးစိတ်တွေပဲ ကျန်တယ်။ ယာဉ်ကြောပိတ်ဆို့ မှုတွေတော့ လျော့သွားတယ်”ဟု ၎င်းက ပြောသည်။

ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားစီမံကိန်းကို ၂၀၁၂ ခုနှစ်၊ ဇွန်လက ပန္နက်ရိုက်ခဲ့ပြီး စက်တင်ဘာလ ကုန်၌ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကာ FMI အုပ်စုကုမ္မဏီမှ တာဝန်ယူ တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါတံတား အပေါ်လွှာမှာ သမိုင်းဘူတာရုံလမ်းမကြီးပေါ်တွင် တည်ရှိပြီး အောက်အလွှာမှာ ဘုရင့် နောင် လမ်းမကြီးအတိုင်း တည်ရှိမည်ဖြစ်သည်။

အဆိုပါစီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၁ ဘီလီယံရှိနိုင်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ထား ခဲ့ပြီး ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတား အောက်လမ်းအရှည်မှာ ၁,၄၂၇ ပေ ၃ လက်မ ရှိပြီး၊ အကျယ် ၅၇ ပေ ၉ လက်မ ရှိကာ ခံနိုင်ဝန် ၇၅ တန်ရှိသည်။ အပေါ်လမ်းအရှည်မှာ ၂,၄၁၄ ပေ ၁၀ လက်မ၊ အ ကျယ် ၃၂ ပေ ၁၀ လက်မရှိပြီး ခံနိုင်ဝန် တန် ၆၀ ဖြစ်ကာ RC နှစ်ထပ် ကွန်ကရစ်တံတား ဖြစ်သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အငှားယာဉ်မောင်း အမျိုးသားတစ်ဦးက “ဘုရင့်နောင်တံတား အောက် လမ်းဖွင့်ပေးလိုက်တဲ့အတွက် ယာဉ်ကြောပိတ်ဆို့တာတွေ သက်သာသွားတယ်။ အပေါ်လမ်းကို ဖွင့်ပေး လိုက်ရင် အဆင်ပြေပေမယ့် လှိုင်သာယာဘက်သွားတဲ့ အခြမ်းမှာ ပိတ်မှာ စိုးရိမ်တယ်”ဟု ပြော သည်။

ဘုရင့်နောင် နှစ်ထပ်ခုံးကျော်တံတားစီမံကိန်းသည် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက်တွင် တည်ရှိသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများ သက်သာစေရန်အတွက် လှည်းတန်းခုံးကျော်တံတား၊ ရွှေဂုံတိုင် ခုံးကျော်တံတားများကိုလည်း တည်ဆောက်ခဲ့ပြီး ရွှေဂုံတိုင် ခုံးကျော်တံတားမှာ လာမည့် ဒီဇင်ဘာ ၁ ရက်တွင် ယာဉ်များ စတင်သွားလာနိုင်မည်ဖြစ်သည်ဟု ယင်းတံတား ဆောက်လုပ်သည့် ကုမ္မဏီ က ပြော ကြားထားသည်။

လှည်းတန်း ခုံးကျော်တံတားကိုမူ ၂၀၁၃ ခုနှစ် ဧပြီ ၁၀ ရက်က စတင် အသုံးပြုခွင့်ပေးခဲ့ပြီး ဖြစ်သည်။

Mizzima

No comments:

Post a Comment