Monday, November 11, 2013

မြန်မာနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် ကမ်းလှမ်း

မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများအကြား ဗီဇာမလိုအပ်ဘဲ အပြန်အလှန် သွားလာနိုင်ရန် ကျန်အာဆီယံ နိုင်ငံများသို့ တရားဝင် စတင်ကမ်းလှမ်းထားကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဦးအောင်လင်းက ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်နှင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အ၀န်းအား အကောင်အထည် ဖော်ဆောင်မည့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း စသည့် လုပ်ငန်းစဉ်များအတွက် အာဆီယံ နိုင်ငံအချင်းချင်းအကြား ဗီဇာမလိုဘဲ သွားလာနိုင်ရန် ကမ်း လှမ်းခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် အစောပိုင်းအတွင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ရန် ကြိုးပမ်းသွား မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ အနေနှင့် လက်ရှိတွင် ဗီယက်နမ်နိုင်ငံနှင့် အပြန်အလှန် ဗီဇာမလိုဘဲ သွားလာနိုင်ပြီဖြစ်ပြီး လာအို၊ အင်ဒိုနီးရှား၊ ထိုင်း စသည့်နိုင်ငံများနှင့် မကြာမီ ကာလအတွင်း လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့် လက်မှတ်ရေးထိုးရန်လည်း မကြာမီ ကာလအတွင်း စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးအောင်လင်းက ဆက်လက်ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဗီဇာအလိုက် သတ်မှတ်ခွင့်ပြု ပေးထားပြီး ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု စာရင်းများအရ တစ်ဦးချင်း ၀င်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
၂၀၁၃ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံခြားသား ခရီးသည် တစ်ဦးချင်း ၀င်ရောက်မှုမှာ ၂၇၀၁၆၇ ဦး၊ ကြိုတင်စီစဉ်မှုဖြင့် ၀င်ရောက်သူ ၁၇၁၀၂ ဦး၊ အခြားဗီဇာ များဖြင့် ၀င်ရောက်လာသူ ၂၀၆၁၂၄ ဦးတို့ ၀င်ရောက်ခဲ့ပြီး စုစုပေါင်း ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှုမှာ ၂၈၇၂၆၉ ဦးတို့ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း လေကြောင်းခရီးဖြင့် လာရောက်သော ခရီးသည် ခြောက်သိန်း နီးပါးရှိရာ ထိုင်းနိုင်ငံသားမှာ ၁၆ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသားမှာ ၁၂ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံ ရှစ်ရာခိုင်နှုန်း၊ အမေရိကန်ပြည်ထောင်စု ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယားမှာ ခြောက်ရာခိုင်နှုန်းဖြင့် ခရီးသည် အများဆုံး ၀င်ရောက်သည့် ငါးနိုင်ငံ စာရင်းဝင် နိုင်ငံများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။ လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ခရီးသွား ဦးရေ ၂၀၀၀ နီးပါး ၀င်ရောက်နေကြောင်း သိရသည်။

Eleven

No comments:

Post a Comment