Monday, November 11, 2013

သုံးမရသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဟု NLD နာယက ဦးဝင်းတင် ဝေဖန်

မင်းမင်း| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးမရသည့် ဥပဒေဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးဝင်းတင်က ဝေဖန်လိုက်ပြီး နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းလုံးကျွတ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒရယူပွဲတွင် အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုလိုက်သည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ပတ်သက်၍ တိုင်းလုံးကျွတ် ပြည်သူ့ဆန္ဒခံယူပွဲတွင် အများစုက ပြင်ဆင်ရန် သဘော ထား ပေးခဲ့ သော်လည်း ဦးဝင်းတင်ကမူ အသစ်ပြန်လည်ရေးဆွဲရန် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

“ဒီအခြေခံဥပဒေဟာ သုံးလို့မရပါဘူး။ သုံးလို့မရတဲ့ဥပဒေကို ဒါကြီးကို အသေးစိတ် လျှောက်ပြင်နေရင် ပြီးတော့မှာလည်းမဟုတ်ဘူး။ ပြီးလည်းမပြီးနိုင်ဘူး။ ပြည်သူ့ဆန္ဒသဘောထားက အသစ် လိုချင် တာပဲ ပြောဖို့ရှိတယ်။ ကျွန်တော်ကတော့ အဲ့လိုပဲ ယူဆတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ကနဦးအနေနှင့် ပြင်ချင်သူများ လက်ထောင်ဆန္ဒပြုနိုင်ကြောင်း ကြေညာရာတွင် တက်ရောက် သူ နှစ်သောင်းလုံးနီးပါးက လက်ထောင် ဆန္ဒပြုခဲ့ပြီး အသစ်ပြင်ဆင်လိုသူများ အတွက် ကြေညာရာတွင် ဦးဝင်း တင်အပါအ၀င် လူနှစ်ရာကျော်သာ လက်ထောင် ဆန္ဒပြုခဲ့ကြသည့်အတွက် ၉၉ ရာခိုင်နှုန်းကျော် က ပြင် ဆင်ရန် သဘောတူသည်ဟု ပွဲအပြီးတွင် ကြေညာခဲ့သည့်နောက် ဦးဝင်တင်က အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲတွင် အခြေခံဥပဒေကို ပြင်ဆင်ရေးနှင့် အသစ်ရေးဆွဲရေး လက်ထောင် ဆန္ဒရယူရာတွင် နာယ ကတစ်ဦးဖြစ်သူ ဦးတင်ဦးအပါအ၀င် တက်ရောက်လာသူ ပါတီထိပ်ပိုင်းခေါင်းဆောင် အားလုံးက ပြင် ဆင် ရေးကို ဆန္ဒပြုခဲ့ပြီး ဗဟိုအဖွဲ့ဝင်များထဲမှ ဦးဝင်းတင်တစ်ဦးတည်းကသာ အသစ်ပြန်လည်ရေး ဆွဲရေးကို လက်ထောင် ဆန္ဒပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိ အခြေခံဥပဒေမှာ ပြည်သူ့ဆန္ဒသဘောထားဖြင့် ရေးဆွဲထားခြင်း မဟုတ်သလို နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးတို့တွင် တပ်မတော်ကသာ ဦးဆောင်နေသည့်အတွက် ပြောင်းလဲရမည့် ဥပဒေဖြစ်သည်ဟု NLD မှ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ထိုပွဲတွင် ပြောဆိုသွားသည်။

လက်ရှိအခြေအနေတွင် အခြေခံဥပဒေကို ပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်က အမတ် ၁၀၉ ဦး ပါဝင် သည့် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းထားပြီး လည်း ဖြစ်သည်။ ယင်းကော်မတီက လက်ရှိ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို ပြည် ထောင်စုလွှတ်တော်သို့၂၀၁၄ ဇန်န၀ါရီလမကုန်မီ အစီရင်ခံစာတစ်ရပ် တင်ပြမည်ဟုလည်း ကြေညာထား သည်။

အခြားတစ်ဖက်တွင် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး အခြေခံ ဥပဒေသစ်တစ်ခု ရေးဆွဲထားသည်။

အခြေခံဥပဒေ ပြင်ဆင်ရာတွင် တစ်ဖက်စွန်းရောက်မှုနှင့် မိမိဖြစ်လိုသည့် ဆန္ဒကို ရှောင်ရှားပြီး နိုင်ငံ၏ အတိတ်သမိုင်း၊ လက်ရှိအခြေအနေနှင့် နောက်လာမည့် အနာဂတ်တို့အတွက် ကောင်းကျိုး၊ ဆိုးကျိုးများ ကို စဉ်းစားဆောင်ရွက်ကြရန် သမ္မတဦးသိန်းစိန်က နိုဝင်ဘာ ၁ ရက်က ရေဒီယိုမိန့်ခွန်း တွင် ပြောဆို ထား သေးသည်။ အင်န်အယ်ဒီပါတီအနေနှင့် ပြည်သူ့ဆန္ဒများ ရယူပြီးပါက ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ သွားမည်ဖြစ်သည်။
Mizzima

No comments:

Post a Comment