၂၀၁၂ ခုနှစ် တန်ဆောင်မုန်း လပြည့်ညတွင် အကြမ်းဖက် ဖြိုခွင်းခံရသော
လက်ပံတောင်းတောင် ဒေသ အတွက် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ၂၀၁၃ ခုနှစ်၊
နိုဝင်ဘာ ၁၇ ရက်၊ တန်ဆောင်မုန်း လပြည့်နေ့ ညနေ ၆ နာရီခန့်က ဗိုလ်တထောင်
စေတီတော်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဆုတောင်းပွဲတွင် အရပ်ဖက် လူ့အဖွဲ့အစည်း အချို့နှင့် စိတ်ပါဝင်စားသူ
ပြည်သူတို့ ပါဝင်ခဲ့ပြီး "လက်ပံတောင်းမြေ ငြိမ်းချမ်းပါစေ" စာတန်းကို
ဖယောင်းတိုင်များစီကာ ဗိုလ်တထောင် စေတီတော်တွင် ဆုတောင်းမှု ပြုလုပ်ခဲ့သည်။
ထို့ပြင် လက်ပံတောင်းတောင်ကိစ္စ ကိုင်တွယ်ဖြေရှင်းမှုများမှာ
အားနည်းနေသေးသည်ဟု ယူဆမိကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်သူက ယင်းဆုတောင်းပွဲတွင် ပြောကြားသည်။
အစိုးရသစ်သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင်
ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြနေသော ဒေသခံများနှင့် သံဃာတော်များကို
အကြမ်းဖက် နှိမ်နင်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ယင်းသို့ အကြမ်းဖက်မှုကြောင့် ဒေသခံများနှင့် သံဃာတော်တို့တွင်
ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ယင်းအကြမ်းဖက်မှုကို ဆန့်ကျင်
ဆန္ဒပြသူများကိုလည်း ပုဒ်မ ၁၈၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် အရေးယူ ခံရကြောင်း
ဆုတောင်းပွဲ ပြုလုပ်သူများက ပြောကြားသည်။
ထိုကဲ့သို့ ဆန္ဒပြသူများကိုသာ အရေးယူမှုများ ပြုလုပ်နေခြင်းကြောင့်
မိမိတို့ အနေဖြင့် ဘုရားတွင် ဆုတောင်းမှု ပြုလုပ်ရခြင်းဖြစ်ကြောင်း ကိုဝေဠုက
ဆက်လက်ပြောကြားသည်။ ဗိုလ်တထောင်စေတီတော်၊ တနင်္ဂနွေထောင့်တွင် ပြုလုပ်ခဲ့သော
ယင်းဆုတောင်းပွဲသည် ည ၇ နာရီခန့်တွင် ငြိမ်းချမ်းစွာ ပြီးဆုံးခဲ့ကြောင်း
သိရသည်။
Eleven
No comments:
Post a Comment