Thursday, November 14, 2013

ပုဒ်မ ၁၈ မဖြုတ်ရန် ပြည်ထဲရေး ဒုတိယ၀န်ကြီး ကန့်ကွက်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ခွင့်ပြုချက် မယူဘဲ ဆန္ဒထုတ်ဖော်ပါက ပြစ်ဒဏ်ကျခံရမည်ဟူသည့် မူလဥပဒေပါ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် ပါဝင်ခြင်းကို ကန့်ကွက်သည်ဟု ပြည်ထဲရေးဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်း က နိုဝင်ဘာလ ၁၃ ရက်နေ့ တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

“ဒီဥပဒေဟာ အခြေခံဥပဒေကို ကန့်သတ်ခြင်းမရှိသလို၊ တည်ဆဲဥပဒေနဲ့လည်း မဆန့်ကျင်ပါဘူး။ ဒါ့ပြင် အခြား ဒီမိုကရေစီနိုင်ငံများနည်းတူ ပြဋ္ဌာန်းထားခြင်းဖြစ်တဲ့အတွက် ပြင်ဆင်ရန် မသင့်ကြောင်း တင်ပြ ပါတယ်”ဟု ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ဆိုသည်။

ယင်းဥပဒေကို ပြင်ဆင်ရန် အဆိုတင်သွင်းသူ သူရဦးအောင်ကိုကမူ အဆိုပါ ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများနှင့် ဆန့်ကျင်နေသည်ဟု ပြောသည်။

“အခြေခံဥပဒေမှာ နိုင်ငံသားများရဲ့ မူလအခွင့်အရေးအရ လွတ်လပ်စွာ၊ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ပေးထားပါတယ်။ ဒါပေမဲ့ ပုဒ်မ ၁၈ က နိုင်ငံသား အခွင့် အရေး တွေကို ပြန်လည် ပိတ်ပင်ထားပါတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲမှူးတွေက ဥပဒေရဲ့ အထက် မှာ ရှိ နေသလိုဖြစ်တဲ့အတွက် ဒီဥပဒေကို ပြင်ဆင်သင့်ပါတယ်”ဟု ကန်ပက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအောင်ကိုက ဆိုသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယ၀န်ကြီးက ယင်းသို့ ကန့်ကွက်သော်လည်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဥပဒေကြမ်းကို ဥပဒေကြမ်းကော် မတီနှင့် သက်ဆိုင်ရာ ကော်မတီသို့ ပေးပို့ဆောင်ရွက်စေ မည်ဟု ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။

ယခုကိစ္စရပ်သည် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံသားအခွင့်အရေးတို့ကို ချိန်ထိုး စဉ်းစားဆောင်ရွက်သင့်သည်ဟုလည်း ၄င်းက သုံးသပ် ပြောဆိုသည်။ သူရဦးရွှေမန်းက- “ဥပဒေတစ်ခုကို ကျင့်သုံးတဲ့နေရာမှာ တည်ငြိမ်းအေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုကို ကြည့်ရ မည်ဖြစ် သလို၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော် ကနဦးကာလကတည်းက ပြဋ္ဌာန်းခဲ့သည့် အဆိုပါဥပဒေပါပုဒ်မ ၁၈ အရ ခွင့်ပြုချက်မယူဘဲ ဆန္ဒပြပါက ထောင်ဒဏ်၊ ငွေဒဏ် ပြစ်ဒဏ်ပေးခွင့်ရှိနေသည်။ ယင်းကို အသုံးပြု၍ နိုင်ငံရေး အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နစ်နာသည် ဟုဆို၍ ဆန္ဒ ပြသူ သာမန်ပြည်သူများ ဖမ်းဆီးခြင်း၊ တားဆီးခြင်း များကြောင့် အငြင်းပွားမှုများ ရှိနေသည်။

ထင်ရှားသည့် ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ်အတွင်း ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင် အထိမ်းအမှတ် စီတန်းလှည့်လည်လိုသူများကို အာဏာပိုင်အသီးသီးက ခွင့်မပြုခဲ့သော်လည်း စီတန်း လှည့်လည်ခဲ့သဖြင့် ၎င်းတို့ဖြတ်သန်းရာ နယ်မြေရဲစခန်းအသီးသီးက အမှုဖွင့် တရားစွဲဆိုခဲ့သည်။

လက်ရှိအချိန်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသူ ၁၅ ဦးရှိနေပြီး နိုင်ငံရေးအကျဉ်းသား ၁၄၇ ယောက်၊ စာရင်းပျောက်နေသူ ၂၁ ဦးရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment