Wednesday, November 6, 2013

လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာ ဘုံသဘောတူညီချက် ၁၁ ချက်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်များ ပါဝင်ကြောင်း သိရသည်။
လိုင်ဇာ ဘုံသဘောတူညီချက်ကို မူလက တရားဝင် ထုတ်ပြန်ခြင်း မရှိသော်လည်း နိုဝင်ဘာ ၅ ရက် မြစ်ကြီးနား ဆွေးနွေးပွဲ ဒုတိယနေ့တွင် အစိုးရက ၎င်းတို့ရေးဆွဲထားသော အပစ်အခတ်ရပ်စဲရေး မူကြမ်းအသစ်ကို ထုတ်ပြန်ခဲ့သောကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကလည်း ၎င်းတို့၏ ဘုံသဘောထား ရပ်တည်ချက်များကို အဆိုပါ နေ့မှာပင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၁၁ ချက်မှာ အခြေခံမူများ၊ ရည်ရွယ်ချက်များ၊ နှစ်ဖက် လက်ခံနိုင်သော နိုင်ငံရေး လမ်းပြ မြေပုံ ချမှတ်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၊ အကောင်အထည်ဖော်ခြင်း၊ ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရမည့် အချက်များ၊ မတရား အသင်းမှ ပယ်ဖျက်ပေးရေးနှင့် ဆက်စပ်အကြောင်း အရာများ၊ ဆွေးနွေးရေးကာလ အစီအမံများနှင့် လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုခြင်း၊ အထွေထွေတို့ ပါဝင်သည်။
အခြေခံမူများတွင် ပင်လုံသဘောတူညီချက်ကို အတည်ပြုခြင်း၊ စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု စနစ် ထူထောင်ခြင်း၊ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ အခြေခံ အခွင့်အရေးများကို ကာကွယ်ခြင်း၊ တန်းတူညီမျှမှုနှင့် အားလုံးပါဝင်ရေး အစရှိသော အချက်များ ပါဝင်သည်။
ရည်ရွယ်ချက်များ အပိုင်းတွင် အဓိပ္ပာယ် ပြည့်ဝသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများမှသည် အမျိုးသား ပြည်နယ်များကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အချက်အပြင် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ခြင်းများနှင့် ရန်လိုမှုများ ရပ်စဲရန် စသည့်အချက်များ ပါဝင်သည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးတွင် အဓိက ပါဝင်ရမည့် အချက်များ၌ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ ဆက်ဆံရေးရုံးဆိုင်ရာ ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကတိပြုခြင်း၊ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးပွဲ မူဘောင်ရေးဆွဲခြင်းနှင့် အတည်ပြုခြင်း၊ အရပ်သားများအား အကာအကွယ်ပေးခြင်း၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ သဘောတူညီခြင်းတို့ ပါဝင်သည်။
ဆွေးနွေးရေးဆိုင်ရာ ကိစ္စရပ်များတွင် အုပ်ချုပ်ရေးဆိုင်ရာ အာဏာခွဲဝေခြင်း/ကျင့်သုံးခြင်း၊ စီးပွားရေး ဆိုင်ရာ အာဏာခွဲဝေခြင်း/ကျင့်သုံးခြင်း၊ ဥပဒေပြုပြင်ရေးဆိုင်ရာ ကိစ္စများ၊ ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ၊ မြေယာပြုပြင် ပြောင်းလဲရေးဆိုင်ရာ ကိစ္စများ၊ သဘာဝရင်းမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများ၊ နယ်စပ်ရေးရာ ကိစ္စများနှင့် အကြီးစား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများ၊ မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များလည်း ပါဝင်ပါသည်။
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ဘုံသဘောတူညီချက်တွင် ပါဝင်သော အချက်များအနက် ကိုးချက်ကို အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သဘောတူကြောင်း ပြောဆို ထားပြီး သဘောမတူသည့် အချက်သုံးချက်ကို အတိအကျ မသိရှိရသေးပေ။ ထို့အပြင် အစိုးရဘ က်က မြစ်ကြီးနား ဆွေးနွေးပွဲ ပထမနေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသို့ ပေးအပ်ခဲ့သည့် မူကြမ်းအသစ်မှာ လိုင်ဇာ ဘုံသဘောတူညီချက်ပါ အချက်များနှင့် ကွဲလွဲမှု ရှိနေကြောင်း တွေ့ရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုယ်စား ဖွဲ့စည်းထားသော အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ဝင်များကမူ အစိုးရက အသစ်ရေးဆွဲထားသော အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

Eleven

No comments:

Post a Comment