Tuesday, November 26, 2013

ဆီးဂိမ်းမှစတင်ကာ ရဲတပ်ဖွဲ့သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ်များ အသုံးပြုမည်

မကြာမီကျင်းပမည့် ဆီးဂိမ်းပွဲနှင့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လုံခြုံရေးယာဉ်တန်း၌ ရဲတပ်ဖွဲ့ သုံး အဆင့်မြင့် မော်တော်ဆိုင်ကယ် အစီး ၁၀၀ ကို အဓိကထား အသုံးပြုသွားမည်ဖြစ်သည်ဟု နိုဝင်ဘာ ၂၅ ရက်က နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးကြီးကျော်ထွေးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ရဲတပ်ဖွဲ့သုံး မော်တော်ဆိုင်ကယ်များသည် ဆူဇူကီးကုမ္ပဏီမှ ထုတ်လုပ်သည့် DL650CC အမျိုး အစားဖြစ်ပြီး ထိုနေ့က နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ဆူဇူကီးကုမ္ပဏီမှ မြန်မာနိုင်ငံရဲ တပ်ဖွဲ့သို့ လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ရဲမှူးကြီးကျော်ထွေးက “အခုဆိုင်ကယ်တွေက 650CC တွေ ဖြစ်တယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိ VIP လမ်းကြောင်းတွေမှာ သုံးနေတဲ့ ဆိုင်ကယ်တွေက 250CC အမျိုးအစားပဲ ရှိတယ်။ အခုဟာ အမျိုးအစား ပိုကောင်းတယ်။ ယာဉ်ထိန်းရဲ၊ လုံခြုံရေးအတွက်၊ VIP လမ်းကြောင်းတွေ၊ ဆီးဂိမ်းအားကစားသမား ကြို/ပို့အချိန်မှာ သုံးမယ်။ ဆိုင်ကယ်နဲ့အတူ အဆင့်မီတဲ့ လုံခြုံရေးဦးထုပ် အလုံးတစ်ရာလည်း ပါတယ်။ အပို ပစ္စည်းတွေလည်းပါတယ်”ဟု ပြောသည်။

ဆိုင်ကယ်အစီး ၁၀၀ အား ဆူဇူကီးကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr.Suzuki Toshihiro မှ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဦးချန်မောင်သို့ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များသည် အောက်တိုဘာလအတွင်းကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ဆိုင်ကယ်များကို စီးပွားရေးနှင့် စီမံကိန်းဝန်ကြီးဌာနမှတစ်ဆင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ လှူဒါန်း ခဲ့ခြင်း ဖြစ်သည်။

မော်တော်ဆိုင်ကယ်များ အသုံးပြုနိုင်ရန်အတွက် ဂျပန်နိုင်ငံမှ ဆိုင်ကယ်စီးကျွမ်းကျင်သူများက နည်းပြ သင်တန်းပို့ချပေးခဲ့ပြီးဖြစ်သည်ဟု ရဲမှူးကြီးကျော်ထွေးက ပြောသည်။


Mizzima

No comments:

Post a Comment