Monday, November 25, 2013

ဒေသတွင်း ဆီးဂိမ်းစ်ပြိုင်ဘက်များကို ချဉ်းကပ်ခြင်း

၂၇ကြိမ်မြောက်  ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပ ယှဉ်ပြိုင်ဖို့က ၁၅ရက်သာ လိုတော့သည်။ အိမ်ရှင်မြန်မာ အားကစား အဖွဲ့များ ကလည်း မျှော်မှန်းထားသည်။ ရွှေဆု ၁၀၀ ရရှိရေးအတွက် အစွမ်းကုန် ကြိုးစားပြင် ဆင်ထားကြသည်။ သို့သော် မြန်မာ အားကစား အဖွဲ့များအတွက် နိုင်ငံအသီးသီးမှ အားကစားအဖွဲ့များ မည်သို့ ပြင်ဆင်မျှော် မှန်းနေသည်ကို အကဲခတ် စောင့် ကြည့်ပြီး သတိကြီးစွာဖြင့် ရင်ဆိုင်နိုင်ဖို့ ပြိုင်ဘက်များ၏ သတင်းများကို ကြိုတင် ထောက်လှမ်း သိရှိနိုင်ရန် လိုအပ် ပါလိမ့်မည်။ သို့ဖြစ်ရာ လက်လှမ်းမီသမျှ ဆီးဂိမ်းစ်ဒေသတွင်း ပြိုင်ဘက်များကို ချဉ်းကပ် ခြင်းဟူသော ကဏ္ဍဖြင့် တင်ပြ လိုက်ရ ပါသည်။

ချန်ပီယံဘွဲ့ကိုကာကွယ်မည့် မလေးရှား ဟော်ကီအသင်း
            မလေးရှား ဟော်ကီအသင်းမှာ ၂၀၁၁ခုနှစ်၊ အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးပြီး ချန်ပီယံဘွဲ့ ရရှိထား သည့် အသင်း ဖြစ်သည်။ ယခု ၂၀၁၃ခုနှစ်၊ မြန်မာတို့ အိမ်ရှင် အဖြစ် ကျင်းပသည့် ပြိုင်ပွဲတွင်လည်း လက်ရှိ ချန်ပီယံဟူသော ဘွဲ့ကို ကာကွယ်ရန် ကြိုးစားသွားမည်ဟု ဆိုသည်။ ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲသို့ စေလွှတ်မည့် မလေးရှား လက်ရွေးစင်အသင်း ကစားသမားများ၏ ပမာဏကို လျှော့ချထားသော်လည်း ဟော်ကီအသင်းကိုမူ လက်ရှိချန်ပီယံ  ဘွဲ့အား ကာကွယ်နိုင်မည့် အရည် အသွေးမြင့်သည့် ကစားသမားများဖြင့် ဖွဲ့စည်း စေလွှတ်သွားမည်ဟု မလေးရှား ဟော်ကီအဖွဲ့ချုပ်က ဖွင့်ဟ ကြေညာခဲ့သည်။
            မလေးရှား ဟော်ကီအဖွဲ့ချုပ် အကြီးတန်း ဒု-ဥက္ကဋ္ဌ ဒါတွက်နူးရ်အက်ဇမီအာမက်က “အဖွဲ့ချုပ်အနေနဲ့ ဒီပြိုင်ပွဲကို ပေါ့ပေါ့ဆဆ ဆောင်ရွက်မှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ အရေးပါတဲ့ အသင်းနှစ်သင်းကို ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါကြောင့် အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ယူ-၁၅လို၊ ယူ-၁၈လို အသင်းတွေကို စေလွှတ်မှာ မဟုတ်ဘဲ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ကျင်းပခဲ့တဲ့ အာရှဖလားပြိုင်ပွဲဝင် ဟော်ကီအသင်းရဲ့ အရည်အချင်းနဲ့တူညီတဲ့ အသင်းကို ရွေးချယ်စေ လွှတ်မှာပါ။ မြန်မာ နိုင်ငံမှာ သွားရောက်ယှဉ် ပြိုင်မယ့် ဟော်ကီ အသင်းဟာ ရွှေတံဆိပ်ကို မျှော်မှန်းယှဉ်ပြိုင်နိုင်တဲ့ အသင်းဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်။
            မလေးရှားလူငယ် ဟော်ကီအသင်းနည်းပြ မိုဟာမက်ဒါမာရာဂ်ျအက်ဘဒူလာကမူ ဆီးဂိမ်းစ် ပြိုင်ပွဲကို လူငယ် ဟော်ကီ လက်ရွေးစင် အသင်းအား စေလွှတ်ရန် ရည်ရွယ်နေပြီး ဒီဇင်ဘာလ ၅ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီ၌ ကျင်းပမည့် အငယ်တန်း အာရှဖလား ပြိုင်ပွဲဝင် လူငယ်အသင်းမှ ကစားသမားငါးဦးကို ထည့်သွင်း စေလွှတ်ရန် စီစဉ်နေ သည်။ သို့သော် မည်သည့် အသင်းကိုပင် စေလွှတ် သည်ဖြစ်စေ၊ မလေးရှား ဟော်ကီ လက်ရွေးစင် အသင်းအနေဖြင့် လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရန် အစွမ်းကုန် ကြိုးစားသွားမည် ဖြစ်ကြောင်း ယင်းက အလေး ထား ပြောကြား ခဲ့သည်။
ရွှေတံဆိပ်ဆု ၄၀ ရယူမယ်ဆိုတဲ့ မလေးရှား အားကစားအဖွဲ့
            မလေးရှား အားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် မျှော်မှန်းနိုင်သည့် ဘိုးလင်း၊ စကွက်ရှ် (Squash)နှင့် ပြေးလမ်း စက်ဘီး(Track Cycling) အားကစားများ ယခုနှစ်တွင် ပါဝင် ခြင်း မရှိသော်လည်း လာမည့် ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် ရွှေတံဆိပ် ဆုပေါင်း ၄၀ရရှိအောင် ကြိုးပမ်းသွားမည်ဟု ဆိုသည်။ မလေးရှားနိုင်ငံ၊ လူငယ်နှင့် အားကစားဝန်ကြီး ခိုင်ရီဂျာမားလူဒင် (Khairy Jamaluddin)က “မလေးရှား အားကစားအဖွဲ့မှာ ဒိုင်ဗင်ပြိုင်ပွဲကနေ ရွှေတံဆိပ်တွေ အဓိက ရယူပေးမှာပါ။ ကရာတေးက ရွှေခြောက် ခု၊ ပြေးခုန်ပစ်က ငါးခု၊ ရေကူး၊ ပန်ကြပ်ဆီလတ်၊ ၀ူရှူးနဲ့ မြားပစ်တွေက ရွှေသုံးခုစီ၊ ဟော် ကီနဲ့ ရွက်လှေက နှစ်ခုစီနဲ့ စက်ဘီး(Road Race)၊ဘောလုံး၊ ကာယဗလ၊ သေနတ် ပစ်နဲ့ မွေက ရွှေတစ်ခုစီရမယ်လို့ မျှော်မှန်း ထားပါ တယ်”ဟု ပြောကြားထားသည်။
            ထို့ပြင် ဂျာမာလူဒင်က ယခု ရည်မှန်းချက် မှာ အမျိုးသားအားကစားကောင်စီ(NSC)၊ မလေးရှား အိုလံပစ် ကောင်စီ(MOC)နဲ့ အမျိုးသား အားကစားအဖွဲ့ချုပ် (NSA)တို့က သုံးသပ် ခန့်မှန်းထားသည့် ယုတ္တိရှိပြီး ဖြစ်နိုင်သော ရည် မှန်းချက်ဖြစ်ကြောင်း ဆက်လက် ရှင်းပြခဲ့သည်။ မလေးရှား အားကစားအဖွဲ့မှာ ၂၀၀၇ခုနှစ်၊ ထိုင်း ဆီးဂိမ်းစ်၌ ရွှေ ၆၄ခု မှန်းခဲ့ပြီး ၆၈ခု ရခဲ့သည်။ ၂၀၀၉ လာအိုဆီးဂိမ်းစ်တွင် ၃၅ခု မှန်းခဲ့ပြီး ၃၈ခု ရခဲ့သည်။ ၂၀၁၁ အင်ဒိုဆီးဂိမ်းမှာ ရွှေ ၄၅ခု၊မျှော် မှန်းခဲ့ပြီး ၅၉ခု ရခဲ့သည်။ စာရင်းချုပ်အားဖြင့် အင်ဒိုဆီးဂိမ်းစ်တွင် မလေးရှား အားကစားအဖွဲ့မှာ ရွှေ ၅၉၊ ငွေ ၅၀နှင့် ကြေး ၈၂ခု ရရှိခဲ့ကြောင်း သိရှိရသည်။
ဆီးဂိမ်းစ် ပြေးခုန်ပစ်မှာ ရွှေဆယ်ခုမှန်းတဲ့ ဗီယက်နမ်
            မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ပြေးခုန်ပစ် အားကစားနည်းတွင် ရွှေတံဆိပ်ဆယ်ခု ရယူဖို့ ဗီယက်နမ် အားကစားအဖွဲ့က မျှော်မှန်းထားသည်။ ပြီးခဲ့သည့် အင်ဒိုဆီးဂိမ်းစ်တွင် ဗီယက်နမ်ပြေး ခုန်ပစ်အဖွဲ့မှာ ရွှေတံဆိပ်ကိုးခု ရရှိခဲ့ပြီး ရွှေတံဆိပ် ၁၁ခု ရရှိသည့် ကျွမ်းဘားအားကစားနည်း နောက်တွင် ရွှေတံဆိပ် ဒုတိယ အများဆုံးရသည့် အားကစား ဖြစ်ခဲ့သည်။ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် အများဆုံးရနိုင်သည့် ကျွမ်းဘား အားကစား မပါဝင်တော့သဖြင့် ဗီယက်နမ်တို့က ပြေးခုန်ပစ်မှ ရွှေတံဆိပ် အများဆုံးရရန် မျှော်မှန်းလာခြင်း ဖြစ်သည်။
            ယခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အားကစား နည်း ၃၃မျိုးအတွက် ရွှေတံဆိပ် ၄၆၀ ချီးမြှင့် မည်ဖြစ်ရာ ပြေးခုန်ပစ်မှ ရွှေတံဆိပ် ၄၆ခု ချီး မြှင့်မည်ဖြစ်ပြီး ယင်းတို့အနက်မှ ရွှေတံဆိပ်ဆယ် ခု အနည်းဆုံးရဖို့ မျှော်လင့်ထားသည်။ ယင်းတို့ မျှော်လင့်နေသည့် ရွှေတံဆိပ်များမှာ အမျိုးသမီး မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ အပြေး ပြိုင်ပွဲများ၊ လမ်းလျှောက်၊ အမြင့်ခုန်၊ သုံးဆင့်ခုန် အားကစားနည်းများအပြင်၊ အမျိုးသား မီတာ ၄၀၀၊ ၈၀၀၊ လမ်းလျှောက်နှင့် ဆယ်မျိုးစုံ ပြိုင်ပွဲများမှ ရွှေရရန် မျှော်မှန်းထားသည်။ ဗီယက်နမ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ဒု-ညွှန်ချုပ်ဖြစ်ပြီး ဗီယက်နမ်အားကစား အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် လမ်ကွမ်သန်းက ပြေးခုန်ပစ်မှ ရွှေ ၁၃ခု မျှော်မှန်းထားပြီး အနည်းဆုံး ရွှေဆယ်ခု ရမည် ဟု ယူဆကြောင်း ဖွင့်ဟခဲ့သည်။ ၂၀၀၃ခုနှစ်၊ ၂၁ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှစပြီး ဗီယက်နမ်သည် ပြေးခုန်ပစ် အား ကစားတွင် ဒေသတွင်း ထိပ်သီး သုံးနိုင်ငံစာရင်း ၀င်လာခဲ့သည်။ ထို့ကြောင်လည်း ယခုနှစ် ဆီးဂိမ်းစ်တွင် ရွှေဆယ်ခုရယူပြီး ထိပ်သီးသုံးသင်း စာရင်းဝင်အဖြစ် ဆက်လက် ထိန်းသိမ်းထား နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
၁၀၀၀ခုမြောက် ရွှေတံဆိပ်ဆုရယူမည့် မလေးရှားဝူရှူးအဖွဲ့
            မလေးရှား ၀ူရှူးအားကစားအဖွဲ့  အနေဖြင့် နိုင်ငံအတွက် သမိုင်းတွင်မည့် တက်လှမ်းမှုတစ်ရပ် ဖော်ဆောင်ရန် မျှော်လင့်ထားသည်။ ထိုတက်လှမ်းမှုမှာ ဆီးဂိမ်းစ်ပြိုင်ပွဲမှ ရွှေတံဆိပ်ဆု  ၁၀၀၀ပြည့်အဖြစ် ၀ူရှူးပြိုင်ပွဲမှ ရယူနိုင်မည့်ု မျှော်မှန်းချက် ဖြစ်သည်။ ၁၉၅၉ခုနှစ်ကတည်း SEAP Games နှင့် SEA Games ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လာခဲ့သည့် မလေးရှား နိုင်ငံမှာ ပြီးခဲ့သည့် ၂၆ကြိမ်မြောက်အထိ ရွှေတံဆိပ်ဆုပေါင်း ၉၉၉ခု ရရှိထားပြီးဖြစ်ရာ ယခု လာမည့် ဆီးဂိမ်းစ် တွင် ပထမဆုံး ရရှိမည့် ရွှေတံဆိပ်မှာ မလေးရှား နိုင်ငံအတွက် အခုတစ်ထောင် ပြည့်မြောက်သည့် ရွှေတံဆိပ်ဆု ဖြစ်လာ မည်။
            ဆီးဂိမ်းစ်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့တွင် တရားဝင် ဖွင့်လှစ်မည် ဖြစ်သော်လည်း ဒီဇင်ဘာ ၄ရက်နေ့ ကတည်းက တချို့သော ပြိုင်ပွဲများ စတင်ကျင်းပမည်ဖြစ်ရာ ခြင်းလုံးနှင့် ၀ူရှူးပြိုင်ပွဲများလည်း အစောဆုံး ကျင်းပမည့် အားကစားနည်းများတွင် ပါဝင်သည်။ သို့သော် ခြင်းလုံးမှ ရွှေတံဆိပ်ဆုရရန် ခက်ခဲမည်ဖြစ်ရာ ၀ူရှူးပြိုင်ပွဲမှ ရွှေတံဆိပ်ဆု ရခဲ့လျှင် တစ်ထောင်ပြည့် ရွှေတံဆိပ် ဖြစ်လာနိုင်သည်။ မလေးရှား အိုလံပစ်ကောင်စီ အတွင်းရေးမှူး ဒါတွတ်ဆီ ကော့ချီ(Datuk Seih Koh Chi)က “ဒီဇင်ဘာ ၆ရက်နေ့မှာ စတင်မယ့် ၀ူရှူးပြိုင်ပွဲမှာ ရွှေတံဆိပ် ရမယ်ဆိုရင် မလေးရှား နိုင်ငံအတွက် အလွန်ထူးခြားတဲ့ဆု ဖြစ်လာမှာပါ။ ဒီဇင်ဘာ ၁၁ရက်မတိုင်မီ ကျင်းပတဲ့ပြိုင်ပွဲတွေမှာ ခြင်းလုံးလည်း  ပါမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ ရွှေရဖို့ ခက်ခဲပါမယ်။ ၀ူရှူးမှာတော့ ရွှေရနိုင်တာမို့ မလေးရှားနိုင်ငံအတွက်  တစ်ထောင်ခု မြောက် ဆီးဂိမ်းစ်ရွှေတံဆိပ် ဖြစ်လာနိုင်ပါတယ်” ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။  
            ဆီးဂိမ်းစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုပေါင်း တစ်ထောင်ကျော် ရရှိသော နိုင်ငံ နှစ်နိုင်ငံတည်းသာ ရှိသေးပြီး ထိုင်းနိုင်ငံက ရွှေတံဆိပ် ၁၈၈၇ ခုနှင့် အင်ဒိုနီးရှားက ၁၆၀၂ခု ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ယခြု့ပိုင်ပွဲတွင် ပထမဆုံးရရှိသည့် ရွှေတံဆိပ်မှာ တစ်ထောင်ပြည့် ရွှေတံဆိပ်ဖြစ်လာမည် ဖြစ်သည်။

Sports

No comments:

Post a Comment