Friday, November 8, 2013

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ပြည်သူ့သဘောထား ရယူရေး ရန်ကုန်တိုင်း လုံးကျွတ် ဟောပြောပွဲ တရားဝင်ခွင့်ပြုမိန့်ရရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြုလုပ်မည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး တိုင်းလုံးကျွတ် ဟောပြောပွဲအတွက် အောက်တိုဘာ ၇ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ တရားဝင် ခွင့်ပြုမိန့် ရရှိခဲ့ကြောင်း သိရသည်

အဆိုပါ ဟောပြောပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် ဗဟန်းမြို့နယ်ရှိ ဗိုလ်စိန်မှန် အားကစားကွင်း တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတက်ရောက်ရန် လူဦးရေ တစ်သောင်းကျော်ကို ဖိတ်ကြားထားကြောင်း ပွဲကျင်းပသည့် ရန်ကုန်တိုင်း အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရသည်။

NLD ပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် ရန်ကုန်တိုင်း ဒေသကြီး၏ သဘောထား ရယူမှုများ အတွက် အောက်တိုဘာ ၁၂ ရက်တွင် မြောက်ဥက္ကလာ ဟောပြောပွဲမှ စတင်ခဲ့ပြီး ယခုအချိန် ထိ ပွဲပေါင်း ၂၀ ကျော်သွားပြီဖြစ်ကာ ဟောပြောပွဲများ စတင်ပြုလုပ် ကာစတွင် အုပ်ချုပ်ရေးပိုင်းနှင့် အခက်အခဲတချို့ ရှိခဲ့သော်လည်း နောက်ပိုင်းတွင်မူ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကိုယ်တိုင် အကူအညီများ ပေးမည်ဆိုသည် အထိ လိုက်လျောမှုများ ရှိလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ဟောပြောပွဲများအတွက် တာဝန်ယူ ထားသူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီက နိုဝင်ဘာ ၇ ရက်က ပြုလုပ်သော ကမာရွတ်မြို့နယ် ဆိုင်ရာ ဟောပြောပွဲတွင် ပြောကြားသည်။

''စစချင်းမှာတော့ ခက်ပါတယ်။ ကျွန်တော်တို့ကို ပညာပြပါတယ်။ နေရာထိုင်ခင်း အခက်အခဲ အမျိုးမျိုးဖြစ်အောင် လုပ်ပါတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သမျှ ကြိုးစားပြီး လုပ်တယ်။ တဖြည်းဖြည်းနဲ့ တိုးတက်လာတယ်။ မနေ့ကတော့ မြို့နယ်မှူးကိုယ်တိုင်က လက်ဆွဲနှုတ်ဆက်ပြီး ဆရာတို့ လိုအပ်တာရှိရင် ပြောပါ။ ကျွန်တော်တို့ အနားမှာ ရှိနေပါတယ်လို့ ပြောပါတယ်'' ဟု ဦးကိုနီက ပြောကြားသည်။

အများနှင့်ဆိုင်တဲ့ ကိစ္စဖြစ်သည့်အတွက် လူဦးရေ ကန့်သတ်မထားကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ဖိတ်ကြားထားပြီးဖြစ်ကာ တက်မည်ဟုထင်ကြောင်း၊ အလုပ်အလွန် များသည့်အတွက် ကတိမပေး နိုင်သော်လည်း လာရန်တော့ရှိကြောင်း၊ အလုပ်အမှုဆောင် ကော်မတီ အားလုံးလည်း တက်ရောက်မည်ဖြစ်ပြီး ပြည်သူများ အနေဖြင့်လည်း မိမိတို့ သဘောဆန္ဒများကို ပြသနိုင်ရန် တက်ရောက် စေလိုကြောင်းလည်း ၎င်းကပြောကြားသည်။

NLD အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး သို့မဟုတ် အသစ်ရေးဆွဲရေး အပေါ် ပြည်သူလူထု သဘောထားများ ကောက်ယူနေခြင်းဖြစ်ပြီး အဆိုပါ ဟောပြောပွဲများမှ ရရှိလာသည့် ပြည်သူ့ဆန္ဒ သဘောထားများကို ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment