Saturday, December 14, 2013

ကင်ဂျုံအွန်၏ ဦးလေးကို သစ္စာဖောက်မှုဖြင့် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား ထုတ်ပြန်

8.1.1
ဒီဇင်ဘာ ၁၃ ရက်တွင် ကိုရီးယားသတင်းအေဂျင်စီ ယွန်ဟပ်က ထုတ်ပြန်ပေးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်တွင် ဂျန်ဆောင်သက်အား တရားရုံးသို့ ခေါ်ဆောင်လာသည့် ဓာတ်ပုံ
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးဦးလေး ဂျန်ဆောင်သက်သည် နိုင်ငံ့ခေါင်းဆောင် ကို ဖြုတ်ချ အာဏာသိမ်းရန် ကြိုးပမ်းသော နိုင်ငံတော် သစ္စာဖောက်သူ ဖြစ်သည့်အတွက် ဒီဇင်ဘာ ၁၂ ရက်တွင် ကွပ်မျက်ခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ (KCNA)က ဒီဇင်ဘာ ၁၃ ရက် တွင် ကြေညာ ခဲ့သည်။
အသက် ၆၇ နှစ်ရှိ ဂျန်ဆောင်သက်သည် ကင်ဂျုံအွန်၏ ညွှန်ကြားပြသသူ ဆရာတစ်ဦးဖြစ်ပြီး နံပါတ် ၂ ခေါင်းဆောင်အဖြစ် ကာလရှည်ကြာ ယူဆခံခဲ့ရာမှ ရာဇ၀တ်မှု ကျူးလွန်မှုနှင့် တန်ပြန်တော်လှန်ရေး အဖွဲ့ခွဲ တစ်ခုကို ထူထောင်မှုတို့အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။ စင်ပြိုင်အာဏာ ထူထောင်မှု၊ လာဘ်စားမှု၊ မူးယစ်ဆေးဝါး သုံးစွဲကာ မိန်းမလိုက်စားမှုတို့ဖြင့် စွပ်စွဲခံခဲ့ရသည့် ဂျန်သည် ယင်းပြစ်မှုများကို စစ်ခုံရုံးတွင် ၀န်ခံခဲ့ပြီးနောက် ကွပ်မျက်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ခေါင်းဆောင်ဟောင်း ကင်ဂျုံအီ ၂၀၁၁ ခုနှစ်ဒီဇင်ဘာတွင် ကွယ်လွန်မှုသည် ကင်ဂျုံအွန်အား စိန်ခေါ်ပြီး အာဏာရရှိမည့် အခွင့်အလမ်းတစ်ရပ် အဖြစ် ဂျန်က ရှုမြင်ခဲ့သည်ဟု KCNA က ထုတ်ပြန်ခဲ့ သည်။
၎င်းကို ''နိုင်ငံရှိ လူတန်းစားအားလုံးကို သစ္စာဖောက်သူ''၊ ''ခွေးတစ်ကောင်ထက် ဆိုးရွားသောသူ'' နှင့် ''စက်ဆုပ်ဖွယ်ကောင်းသော လူဖျင်းလူသွမ်း ဆန်ကုန်မြေလေး'' ဟု အစိုးရက သတ်မှတ် ခေါ်ဝေါ်ခဲ့သည်။
နိုင်ငံအကြီးတန်း အရာရှိတစ်ဦး ဖြစ်သည့်အပြင် ဆွေမျိုးတော်စပ်သူ ဂျန်ကို ကင်၏ ယခုကဲ့သို့ လူသိရှင်ကြား ပုတ်ခတ်သရော်ခြင်းသည် ကင်၏အာဏာချုပ်ကိုင်မှု ခိုင်မာလာခြင်း သင်္ကေတတစ်ခု ဖြစ်သည်ဟု နိုင်ငံရေး သုတေသီများက သုံးသပ်ခဲ့သည်။ ကင်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်း အာဏာချုပ်ကိုင်မှု အားကောင်းစေ ရန် ကြိုးပမ်းခဲ့ပြီး သြဇာနှင့် ခြိမ်းခြောက်မှု ကြီးမားလာသော ရင်ခွင်ပိုက် နိုင်ငံရေး ဦးဆောင်သူ ဂျန်ကို မလိုလားတော့ဟု တောင်ကိုရီးယားရှိ ဆီဂျောင်တက္ကသိုလ်မှ သုတေသီ ပက်ဟက်ဆွန်း က ပြောကြား ခဲ့သည်။
8.1.1
ကင်ဂျုံအွန် (ယာ) နှင့် ဦးလေးဖြစ်သူ ဂျန်ဆောင်သက် (၀ဲ) တို့ကို ဧပြီ ၁၅ ရက်က မြောက်ကိုရီးယား တည်ထောင်သူ ကင်အီဆွန်း၏ ၁၀၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် အတူတွေ့ရစဉ်
ယင်းပုတ်ခတ်မှုများသည် အန္တရာယ်ရှိပြီး တည်ငြိမ်မှု မရှိခြင်း၏ လက္ခဏာများဟု လေ့လာသူ အချို့က ယူဆခဲ့သည်။ ဂျန်ကို ရာထူးမှ ထုတ်ပယ်ပြီး သေဒဏ်စီရင်ခဲ့ခြင်းက မြောက်ကိုရီးယားတွင် အရာရာသည် ပုံမှန်မဟုတ်သည်ကို ပြသနေခြင်း ဖြစ်သည်ဟု အမေရိကန်နိုင်ငံရေး လေ့လာသူအဖွဲ့မှ ဆန်းစစ်လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။ ဂျန်အား ကွပ်မျက်မှုသည် မြောက်ကိုရီးယား အစိုးရ၏ အစွန်းရောက်သော ရက်စက်ကြမ်းကြုတ်မှု ဥပမာတစ်ခု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန လက်ထောက် ပြော ခွင့် ရပုဂ္ဂိုလ် မာရီဟာ့ဖ်က ပြောကြားခဲ့သည်။
ကင်ဂျုံအွန်သည် သြဂုတ်လနှောင်းပိုင်းက ရည်းစားဟောင်း အဆိုတော်တစ်ဦးနှင့် အခြား လူတစ်ဒါဇင်ခန့်ကို ကွပ်မျက်ရေး တပ်ဖွဲ့ဖြင့် ကွပ်မျက်ခဲ့ကြောင်း တောင်ကိုရီးယား သတင်းစာ Chosun Ilbo က ဖော်ပြခဲ့သည်။ ဟွန်ဆိုဝူးဆိုသူ အဆိုတော်နှင့် အူဟာဆူ သံစုံတီးဝိုင်း အဖွဲ့ဝင်များသည် သြဂုတ် ၁၇ ရက်က ဖမ်းဆီးခံခဲ့ရကြောင်း တရုတ်ရှိ အမည်မဖော်လိုသော သတင်းရင်းမြစ်များက ပြောကြားခဲ့သည်ဟု ယင်း သတင်းစာက ဆိုသည်။
Ref:AFP

Eleven

No comments:

Post a Comment