Tuesday, December 17, 2013

ဘောလုံးလည်းရှူံး သိက္ခာလည်း ရှူံး

အင်ဒိုနီးရှားအသင်းကို သရေကစားရုံဖြင့် အုပ်စုတက်ကာ ဆီးဂိမ်း ရွှေရယူနိုင်ရန် မျှော်မှန်းနိုင်ခဲ့သော် လည်း တစ်လုံးတည်းသော ပယ်နယ်တီဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည့်အတွက် ဆီးဂိမ်း ရွှေအိပ်မက် ပျက်ပြယ် သွားသော ပရိသတ်များ၏ ပွဲအပြီး ပေါက်ကွဲသောင်းကျန်းမှုကြောင့် လုံခြုံရေးရဲများနှင့် ပဋိပက္ခများ ဖြစ် ပွားခဲ့ရသည်။

ဘောလုံးပွဲ ဒုတိယပိုင်းမပြီးခင် စက္ကန့်ပိုင်းလောက်အလိုတွင် ကွင်းထဲသို့ ပရိသတ်နှစ်ဦး ၀င်လာသည်နှင့် တပြိုင်နက် ပွဲကြည့်စင်၏ တောင်မြောက်ရှိ ပွဲကြည့်ထိုင်ခုံများကို ရိုက်ချိုးခြင်း၊ ဖြုတ်ပစ်ခြင်း၊ ရေဘူးများ၊ ခဲများဖြင့်ပစ်ခြင်းများ စတင်ဖြစ်ပေါ်ကာ ပွဲအပြီးတွင် ပရိသတ်များ ကွင်းအပြင်သို့အရောက် အမှိုက်ပုံးများ ကို ကန်ကျောက် ရိုက်ခွဲမှုများ ရှိခဲ့သည်။

ထို့နောက် ဝေဇယန္တာလမ်းမရှိ မိန်းဝင်ပေါက်လမ်းဘက်မှ ပိတ်၍ လမ်းလယ်တွင် မြန်မာအလံပါသော အင်္ကျီများ၊ အလံများ၊ မြန်မာနိုင်ရမည်ဆိုသည့် စာတန်းပါ ခေါင်းစည်းများ၊ ဆီးဂိမ်းလှုံ့ဆော် ကြော်ငြာ ဆိုင်းဘုတ်များကို မီးပုံရှို့မှုများ ဖြစ်ပေါ်ခဲ့သည်။ ဘောလုံးကွင်း၏ မျက်နှာချင်းဆိုင်ရှိ ဘောလုံးပွဲပြသနေ သော LED နှင့် ချိတ်ဆွဲထားသော မြန်မာ့လက်ရွေးစင် ပိုစတာများကို မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ သည်။

“အခုလိုဖြစ်တာက မိနစ် ၂၀ ကျော်နဲ့ နာရီဝက်လောက် ကြာသွားတယ်၊ အဲ့မှာ မီးတွေရှို့ပြီး နိုင်ငံတော် သီချင်းကိုလည်း ဆိုတယ်။ ပြီးတော့ လူတွေအားလုံးက မြန်မာ့လက်ရွေးစင်အသင်း ဖျက်သိမ်းပစ်၊ ဖျက် သိမ်းသင့်တယ်ဆိုပြီး အော်တယ်”ဟု ဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့သူ ပရိသတ်တစ်ဦးက ပြောသည်။

“တချို့ပရိသတ်တွေကလည်း ကျုပ်တို့တွေ လက်မှတ်မရလို့ မှောင်ခိုဈေးနဲ့ လိုက်ဝယ်ထားရတာ လေး သောင်းတောင် ပေးရတယ်၊ ငွေကုန်ကျခံရတယ်။ အဲ့တော့ မြန်မာ့လက်ရွေးစင်အသင်း ဖျက်သိမ်းသင့် တယ်လို့ အော်ကြတယ်”ဟု မြင်တွေ့ခဲ့ရသည့်မြင်ကွင်းကို ပြောသည်။ ထိုသို့ဖျက်ဆီးမှုများကြောင့် ကွင်း ထဲတွင် လုံခြုံရေးယူထားသော ရဲများ ရောက်လာကာ ပေါက်ကွဲနေသော ပရိသတ်နှင့် ထိပ်တိုက် တွေ့ ဆုံမှုများ ဖြစ်ပွားခဲ့သည်။

သုဝဏ္ဏဘောလုံးကွင်းအနီးရှိ လေးထောင့်ကန်လမ်းနှင့် ဝေဇယန္တာလမ်းဆုံတွင် လုံခြုံရေးတာဝန်ယူထား သည့် ရဲတပ်ဖွဲ့ဝင်များကို ပရိသတ်အချို့က ခဲများဖြင့် ပေါက်ခဲ့သည်။

“ရဲတွေ ခဲထုခံနေရတာ တစ်နာရီလောက်ရှိပြီ”ဟု ဘောလုံးပွဲလာကြည့်သူတစ်ဦးဖြစ်သည့် ကိုအောင်မင်း က ည ၉နာရီ ၄၅ မိနစ်ခန့််တွင် ပြောသည်။ ယင်းအချိန်တွင် ရဲတပ်ဖွဲ့သုံးကားကိုးစီးဖြင့် ရဲအင်အားအများ အပြားနှင့် မီးသတ်ကားသုံးစီး ရောက်ရှိလာပြီးနောက် မီးသတ်ပိုက်ဖြင့် လူအုပ်ကို စတင် လူစုခွဲခဲ့သည်။ ထိုသို့ လူစုခွဲခံရချိန်တွင် လူအုပ်ကြီးဖက်မှ ခဲဖြင့်ပစ်ပေါက်မှုများ ပိုမိုဆိုးရွားလာခဲ့ပြီး အဆိုပါလမ်းဆုံရှိ ယာဉ်ထိန်းရဲကင်းအပါအ၀င် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသည့် ကားအချို့ ထိခိုက် ပျက်ဆီးခဲ့ သည်။

ည ၉ နာရီ ၅၅ မိနစ်အချိန်တွင် မီးသတ်ကားလေးစီး ထပ်မံရောက်ရှိလာချိန်တွင် ရဲတပ်ဖွဲ့မှ ပိုမို ဖိအား ပေးဖြိုခွင်းရန် ကြိုစားရာ လူအုပ်ကြီးသည် ဝေဇယန္တာလမ်းဘက်ရှိ Orange Super market ဘက်သို့ တစ်ဖွဲ့၊ လေးထောင့်ကန်လမ်းဖက် ဂျန်းရှင်းဇ၀နဖက်သို့ တစ်ဖွဲ့ လူစုခွဲ ထွက်ပြေးခဲ့ကြသည်။ ရဲတပ်ဖွဲ့ က ယင်းသို့ အကြိမ်ကြိမ် လူစုခွဲပြီး ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ ည ၁၀ နာရီ ၁၅ မိနစ်အထိ ခုနစ်ဦးခန့် ဖမ်းဆီးခံရသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ည ၁၁ နာရီခွဲခန့်အချိန် ရောက်ရှိချိန်တွင် ရုန့်ရင်းဆန်ခတ်မှုမှာ သတင်းပေးပို့ချိန်အထိ ငြိမ်သက်လုနီးပါး အခြေအနေသို့ ရောက်ရှိခဲ့သည်။

Mizzima

No comments:

Post a Comment