Friday, December 20, 2013

တရုတ်ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ သီးနှံလျော်ကြေး မရသေးသည့် မကွေးတောင်သူများ သမ္မတထံ စာတင်မည်

တရုတ်အမျိုးသား ရေနံပိုက်လိုင်းကုမ္ပဏီ (CNPC) ၏ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက် လိုင်း ဖြတ်သန်းမှုကြောင့် သီးနှံလျော်ကြေးမရသေးသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှ ဒေသခံများက မိမိ တွေ့ကြုံနေရသည့် အခက်အခဲများကို သမ္မတထံ စာတင်သွားမည်ဟု ဒေသခံတစ်ဦးဖြစ်သူ ကိုရန်နောင် ထွန်းက ဒီဇင်ဘာ ၁၉ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ သမ္မတထံ စာတင်ရာတွင် မကွေးတိုင်း ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဆလိုင်းလှထွန်းမှ တစ်ဆင့် တောင်းဆိုသွားမည်ဖြစ်ကြောင်းနှင့် လျော်ကြေးငွေရရှိရန် ဒေသခံ ၈၀ ကျော်က ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ငဖဲမြို့နယ် လင်းတဲကျေးရွာတွင် စောင့်ဆိုင်း တောင်းဆိုခဲ့သော်လည်း ထူးခြားမှု မရှိသည့်အတွက် ဒီဇင်ဘာ ၂၀ တွင် စာတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“နေ့စဉ်စောင့်နေတာတောင် ထူးခြားမှုမရှိတဲ့အတွက် စာတင်တာပါ”ဟု ဆိုသည်။

ငဖဲမြို့နယ် ကျေးရွာအုပ်စု ၁၀ ခုမှ ဒေသခံ ၄၃၀ ခန့်သည် ပိုက်လိုင်းဖြတ်သန်းမှုကြောင့် ပျက်စီး သွားသည့် နှစ်ရှည်သီးနှံပင်များအတွက် လျော်ကြေးငွေအဖြစ် ကျပ်သိန်း ၃၀,၀၀၀ ကို မကွေး တိုင်းရှိ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (M.O.G.E) သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ကပင် တောင်းခံ ထားသော်လည်း လက်ရှိ ဒီဇင်ဘာ ၁၉ ရက်အထိ လျော်ကြေးငွေ မရ ရှိသေးကြောင်း ဒေသခံများက ဆို သည်။

ယင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် M.O.G.E မှ တာဝန်ရှိသူများနှင့် တောင်သူများ တွေ့ဆုံရန် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူးက စီစဉ်ခဲ့သေးသော်လည်း တွေ့ဆုံခဲ့ရခြင်း မရှိပေ။

“MOGE ဘက်က တာဝန်ရှိသူနဲ့ ဒေသခံတွေ မျက်နှာချင်းဆိုင် ဖြေရှင်းပေးဖို့ ၁၄ ရက်က စီစဉ်ပေးပါသေးတယ်။ ဒါပေမဲ့ MOGE ဘက်က တာဝန်ရှိသူက ရေနံချောင်းဘက်မှာ ကိစ္စတစ်ခု ရှိလို့ ဆိုပြီး ရောက်မလာ ခဲ့ပါဘူး”ဟု ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ဆိုသည်။

ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက မေးမြန်းစုံစမ်းပေးမည်ဆို၍ ဒေသခံများက ငါးရက်ကြာ လာရောက် စောင့်ဆိုင်းပြီးနောက် မထူးခြား၍ ယင်းသို့ စာတင်ခြင်း ဖြစ်သည်။

ယင်းသို့ လျော်ကြေးမပေးအပ်သေးခြင်းနှင့်ပတ်သက်ပြီး နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးသို့ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရုံးမှတာဝန်ရှိသူတစ်ဦးက “မြေယာလျော်ကြေးတွေကတော့ ပေးပြီးပါ ပြီ။ အနည်းငယ်ပဲ ကျန်တော့တာပါ။ လျော်ကြေးတောင်းထားတာကလည်း အရမ်းများပါတယ်။ တစ်ခါမှ မကြုံခဲ့ရတဲ့ နှုန်းထားဆိုတော့ သေချာ စီစစ်နေရလို့ပါ”ဟု ဆိုသည်။

မြန်မာ-တရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ (MCPWC) မှ အဖွဲ့ဝင် ဦးတင်သစ်က “ဒီလိုဖြစ်ရပ် မျိုးတွေက အများကြီးပါ။ အခု ရေနံပိုက်လိုင်းက ပြီးသွားပြီ။ သဘာဝဓာတ်ငွေ့တွေတောင် ပို့နေပြီ။ ဒါပေမဲ့ လျော်ကြေးငွေကိစ္စရပ်တွေက မပြီးသေးဘူး။ ဒါက မဖြစ်သင့်ပါဘူး”ဟု ပြောသည်။

နိုင်ငံတကာအဆင့် စီမံကိန်းတစ်ခုဖြစ်သည့် မြန်မာ-တရုတ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် အရှည် ၇၉၃ ကီလိုမီတာနှင့် အချင်း လက်မ ၄၀ ရှိပြီး တစ်ရက်လျှင် ဓာတ်ငွေ့ကုဗပေ သန်း ၁၂၀၀ ပို့လွှတ်နိုင်ကာ ဖိအား ၁၄၅၀ ပေါင် အထိ ခံနိုင်ရည်ရှိသည်ဟု CNPC ၏ ထုတ်ပြန်ချက်များတွင် ပါရှိသည်။

ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ခြင်းကို၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်ခဲ့ပြီးနောက် ဇူလိုင် ၁၅ ရက်၌ ဓာတ်ငွေ့များ စတင် ပို့လွှတ်နေခဲ့သည်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းအထိ သွယ်တန်း ထားသည့် အဆိုပါ ပိုက်လိုင်းစီမံကိန်းတွင် ရေနံပိုင်လိုင်းနှင့် သဘာဓာတ်ငွေ့ပိုက်လိုင်း နှစ်ခုပါဝင်ပြီး ကီ လိုမီတာ ၇၇၀ ကျော်စီ ရှည်လျားကာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်မြောက် ပိုင်းရှိ မြို့နယ်၂၁ မြို့အား ဖြတ်သန်း တွယ်တန်းထားသည်။
 Mizzima

No comments:

Post a Comment