Wednesday, December 4, 2013

သမ္မတ ဦးသိန်းစိန် ဖိလစ်ပိုင် နိုင်ငံသို့ ယနေ့ သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့ (ဒီဇင်ဘာ ၄ ရက်)တွင် ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက် မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။
ဖိလစ်ပိုင် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဘီနင်နိုဘတ်စ်အကွီနို (၃) ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်အထိ သုံးရက်ကြာမြင့်မည်ဖြစ်ကာ ၂၀၁၁ ခုနှစ် အစိုးရ သစ်လက်ထက် သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်သည် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေး ကိစ္စများ၊ လယ်ယာစိုက်ပျိုးရေး ကိစ္စများ၊ စွမ်းအင်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် သတင်းအချက်အလက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးရန် စီစဉ်ထားကြောင်းလည်း ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြော ကြား ထားသည်။

ထို့အပြင် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ ရာထူးရယူမည့် ကိစ္စရပ် အပါအ၀င် ဒေသတွင်း ကိစ္စရပ်များကိုလည်း ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဖိလစ်ပိုင် သမ္မတတို့သည် ဇွန် ၇ ရက်က နေပြည်တော်တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် သံတမန်ရေးရာ ဆက်ဆံမှုကို ၁၉၅၆ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ် (၆၀)ပြည့်မြောက်မည် ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment