Tuesday, December 24, 2013

မွန်နှစ်ပါတီ ပေါင်း၍ မွန်အမျိုးသားပါတီ အမည်ဖြင့် မှတ်ပုံတင်ရန် ဆုံးဖြတ်

မွန်နှစ်ပါတီ ပေါင်းစည်းရေး ကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမို ကရေစီ ပါတီ(AMDP) နှင့် မွန်ဒီမိုကရေစီပါတီ(MDP) တို့ ပေါင်းစည်းရန် သဘောတူ လိုက်ကြပြီး “မွန်အမျိုးသား ပါတီ” အမည်သစ်ဖြင့် ပါတီမှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါတီဝင်များ၏ ပြောကြားချက်အရ သိရသည်။
ယင်းနှစ်ပါတီ မှ ကိုယ်စားလှယ်များ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မော်လမြိုင်မြို့ ဓာတုမာလာ ကျောင်းတွင် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးအပြီး ယင်းသို့ဆုံးဖြတ် လိုက်ကြခြင်းဖြစ်သည်။

"AMPD က မပေါင်းချင်တဲ့လူတွေ ရှိနေတယ်။ ပေါင်းနိုင်တဲ့ လူတွေနဲ့ MDP အနေနဲ့ ပေါင်းသွားမယ်။ နောက် မပေါင်းချင်တဲ့ လူတွေကလည်း အချိန်မရွေး လာပေါင်းနိုင်ဖို့ ကိုလည်း ကျွန်တော်တို့က ကြိုဆိုပါတယ်" ဟု မွန်ဒီမိုကရေစီပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောသည်။

"မပေါင်းချင်တဲ့ လူတွေက အရင်ကလည်း ပေါင်းချင်တဲ့ဆန္ဒ မရှိတဲ့လူတွေပဲ။ ဘယ်အချိန်မှလည်း သူတို့အနေနဲ့ ပေါင်းမှာ မဟုတ်ပါဘူး။ သူတို့ပါဝင်လာမှ ပေါင်းမယ်ဆိုရင် ဘယ်တော့မှ ပေါင်းဖြစ်မှာ မဟုတ်ဘူး။ ဒါကြောင့် ပေါင်းချင်တဲ့ ဆန္ဒရှိတဲ့ လူတွေကသာ ပူးပေါင်းသွားမယ်" ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိန်း က ပြောကြားသည်။

မွန်နှစ်ပါတီ ပေါင်းစည်းရေး ကြန့်ကြာရခြင်းသည် AMDP ဘက်မှ ပေါင်းစည်းရန် သဘောမတူသူများ ရှိနေခြင်းကြောင့် ဖြစ်ပြီး ပါတီအတွင်းရေးမှူး ဖြစ်သည့် ဒေါက်တာ မင်းနွယ်စိုး အပါအဝင် ပါတီ ကိုယ်စားလှယ် အချို့က ပေါင်းစည်းရန် သဘောမတူကြခြင်း ဖြစ်သည်ဟု ပေါင်းစည်းရန် လိုလားသည့် ပါတီဝင် အချို့ ၏ ပြောကြားချက်အရ သိရသည်။

ပေါင်းစည်းရေးကော်မတီ ဒုတိယအကြိမ် အစည်းအဝေးမှ ပါတီအမည်သစ် ရွေးချယ်ခြင်း၊ လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့တွင် တတိယအကြိမ် အစည်းအဝေး ပြုလုပ်ရေး AMDP ပါတီ ဘက်မှ ပေါင်း စည်းရေး ကော်မတီဝင် ၁၅ ဦး ဖြည့်ဆည်းရေး၊ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ကျရောက် သည့် မော်လမြိုင် သာသနာ ၂၅၀၀ တွင် ပေါင်းစည်းရန် ကျန်နေသူများ “မွန်အမျိုးသားပါတီ” နှင့် အချိန်မရွေး လာရောက် ပေါင်းနိုင်ကြောင်းကို သံဃာတော်များ၊ မွန်လူမှု အဖွဲ့အစည်းများနှင့် နှစ်ပါတီ ပေါင်းစည်းရေး လိုလားသူများက မွန်ပြည်သူများ ရှေ့မှောက်တွင် ဖိတ်ခေါ်သွားရေး စသည့် အချက်များ ဆုံးဖြတ်ခဲ့ကြသည် ဟု နှစ်ပါတီ ပေါင်းစည်းရေး ကြားဝင် ညှိနှိုင်းပေးနေသည့် သံဃာတော် အရှင်ပုပ္ဖဟံသာက မိန့်ကြားသည်။

ယခုကဲ့သို့ နှစ်ပါတီ ပေါင်းစည်းရေးတွင် နှစ်ဖက်ပါတီဝင်များ အားလုံး ပါဝင်သည့် ပေါင်းစည်းခြင်း မဟုတ်သည့်အတွက် မွန်တို့၏ စည်းလုံးခြင်းသည် မျှော်မှန်းထား သကဲ့သို့ ဖြစ်မလာသေးဘဲ လက်ရှိအခြေ အနေထက် ပိုမိုခက်ခဲသွားမည်ကို စိုးရိမ်နေ ကြောင်း မွန်ခေါင်းဆောင်အချို့က သုံးသပ် ပြောဆိုကြသည်။

The Voice Weekly

No comments:

Post a Comment