Tuesday, December 17, 2013

မီးလောင်ပျက်စီးခဲ့သော မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများ နိုင်ငံတော်မှအခမဲ့ ပြန်လည် ဆောက်လုပ်ပေးမည်

8.1.1
မိတ္ထီလာမြို့ ချမ်းအေးသာယာ နယ်မြေအတွင်း နေထိုင်သူ အများစု ခိုလှုံနေရသော ဗဟိုပို့ဆောင် ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်းအား ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-၀ဏ္ဏ)
၂၀၁၃ ခုနှစ် မတ်လအတွင်းက မီးလောင်ပျက်စီး သွားခဲ့သော မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက် ချမ်းအေး သာယာ နယ်မြေအတွင်းရှိ မြေနေရာများတွင် လုံးချင်းအိမ်ရာများနှင့် အထပ်မြင့် တိုက်ခန်းများအား ဒီဇင်ဘာလ ထဲ နိုင်ငံတော်မှ အခမဲ့ ပြန်လည်ဆောက်လုပ် ပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေး ပစ္စည်းများကို ဒီဇင်ဘာ တတိယပတ်တွင် စတင်ချထားပေးကာ ဆောက်လုပ်ရေး လုပ်ငန်းများ စတင်နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
''မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ အိမ်ထောင်စုတွေနဲ့ ကျူးကျော်အိမ်ထောင်စုတွေ အားလုံးအတွက် လုံးချင်းအိမ်ရာနဲ့ အထပ်မြင့် တိုက်ခန်းတွေကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အလှူရှင်တွေက အခမဲ့ ပြန်လည် ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ လုံးချင်းအိမ်ရာက ၂၇ ပေ x၂၂ ပေ အကျယ်ရှိပြီး အိပ်ခန်း နှစ်ခန်းအပြင် မီးဖိုပါပါတယ်။ ရေချိုးခန်း၊ အိမ်သာ၊ ရေမီး အပြည့်အစုံ လုပ်ပေးမှာ ဖြစ်ပါတယ်။ လုံးချင်းအိမ် တစ်လုံးအတွက် ငွေကျပ် ၇၅ သိန်းလောက် ကျနိုင်ပါတယ်။ အထပ်မြင့် တိုက်ခန်းမှာလည်း အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာ၊ ရေမီးအားလုံးပါ ရှိပါမယ်။ အခုပထမဆုံး အနေနဲ့ ချမ်းအေးနယ်မြေထဲမှာ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ အိမ်ထောင်စု ၉၃ စုနဲ့ ခွဲခြားစိတ်ဖြာ ၀ယ်ယူထားတဲ့ အိမ်ထောင်စု ၁၃၀ အတွက် လုံးချင်းအိမ်ရာနဲ့ အထပ်မြင့်တိုက်ခန်း တည်ဆောက်မှု ဒီဇင်ဘာလထဲမှာ စတင်ပါမယ်။ ကျန်နေသေးတဲ့ ချမ်းအေးသာယာ နယ်မြေထဲမှာရှိတဲ့ မြေယာပိုင်ဆိုင်မှု ခိုင်မာမှုရှိတဲ့ သူတွေနဲ့ ကျူးကျော်နေထိုင်သူ အားလုံးကိုလည်း စာရင်းစိစစ်ပြီးရင် အလားတူ လုံးချင်းအိမ်ရာနဲ့ အထပ်မြင့် တိုက်ခန်းတွေ အမြန်ဆုံးပြန်လည် ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်း ရရှိဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ဒေသခံ အလုပ်သမားတွေ ငှားရမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်'' ဟု မိတ္ထီလာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောကြား သည်။
''ချမ်းအေးထဲမှာ ဆောက်ပေးမှာကို အများစုက သဘောတူပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေး လုပ်ငန်းကိုတော့ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်စေချင်တယ်။ ဒါမှ ကျွန်တော်တို့လည်း ကိုယ့်အိုး ကိုယ့်အိမ်လေးနဲ့ ပြန်နေလို့ရမှာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး စခန်းမှာနေရတာ ရှစ်လကျော်ရှိပါပြီ။ တစ်ရက်မှ အဆင်မပြေလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အမြန်ဆုံး ပြီးစီးစေချင်ပါတယ်'' ဟု ချမ်းအေး သာယာ နယ်မြေတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
ချမ်းအေးသာယာ နယ်မြေတွင် မြေကွက်ပေါင်း ၆၃၇ ကွက်ရှိသည့်အနက် မတ်လအတွင်းက ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် မြေကွက် ၅၈၈ ကွက် မီးလောင်ပျက်စီးခဲ့ပြီး လူပေါင်းများစွာ ကယ်ဆယ်ရေး စခန်းများ၌ ခိုလှုံနေရဆဲ ဖြစ်သည်။

Eleven

No comments:

Post a Comment