Wednesday, December 25, 2013

၂၀၁၄ ခုနှစ် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားမှု ခန့်မှန်းစာရင်း၌ မြန်မာနိုင်ငံပါဝင်နေကြောင်း The Economist ၀က်ဘ်ဆိုက်တွင် ဖော်ပြ

ကမ္ဘာကျော် The Economist ၀က်ဘ်ဆိုက်တွင် ၂၀၁၄ ခုနှစ်၌ တစ်ကမ္ဘာလုံးရှိနိုင်ငံများတွင် လူမှုရေး မတည်ငြိမ်မှုဖြစ်နိုင်ခြေ ခန့်မှန်းမှုစာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင် အာရှ နိုင်ငံ အများ အပြားမှာ လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားသော စာရင်းထဲတွင် ပါဝင်နေ သည် ကို တွေ့ရ သည်။ ၂၀၁၄ ခုနှစ်အတွက် လူမှုရေးမတည်ငြိမ်မှု ဖြစ်နိုင်ခြေဇယားကို ထုတ်ပြန်ခဲ့ ရာတွင် နိုင်ငံပေါင်း ၁၅၀ ကို လေ့လာပြုစုပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်အတွင်း အလုပ်သမားအခွင့်အရေး၊ လယ်ယာမြေသိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် လက်ပံတောင်းတောင်စီမံကိန်း ၊ မြန်မာနိုင်ငံ သို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) လာရောက်ရုံးခန်းဖွင့်လှစ်မည့် ကိစ္စ၊ လျှပ်စစ် မီးပြတ်တောက်ခြင်း၊ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်ရန် စီစဉ်ခြင်းများအပါ အ၀င် ပြည်သူ လူထု ကျေနပ်မှု မရှိသည့် ကိစ္စရပ်များ ပေါ်ပေါက်ခဲ့ပြီး ဆန္ဒပြကန့်ကွက်မှုများမှာ ၂၀၁၃ ခုနှစ်တွင် အများဆုံးဖြစ်ပွားခဲ့သည်။ ထိုသို့ဆန္ဒပြရာတွင် ပါဝင်ခဲ့သူများကိုလည်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးထောင်ချမှုများ ရှိခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လူတန်းစားကွာဟမှုမှာ မြင့်တက်လျက်ရှိနေပြီး အဂတိလိုက်စားမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အုပ်ချုပ်ရေးကဏ္ဍမှလည်း ဆောင်ရွက်ချက်များမှာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် လူထုမှာကျေနပ်မှုမရှိဘဲ ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရသစ်တက်လာပြီးနောက်ပိုင်း ၂၀၁၃ ခုနှစ်အတွင်း အများဆုံးဖြစ်ပွားခဲ့သည်။

ယခုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအများအပြားတွင် လူမှုရေးမတည်ငြိမ်မှုများနှင့် ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ယူကရိန်း၊ ဘူလ်ဂေးရီးယား၊ ဘရာဇီး၊ အာဂျင်တီးနား၊ မက္ကဆီကို၊ တူနီးရှား၊ အီဂျစ်နှင့် တူရကီနိုင်ငံများတွင် နေ့စဉ်နှင့်အမျှ ဆန္ဒပြပွဲများ ဖြစ်ပွားလျက်ရှိနေသည်။ ယခင်က ဆန္ဒပြပွဲများမရှိသလောက် ရှားပါးခဲ့သော ဂျပန်နှင့် စင်ကာပူနိုင်ငံများပင် ဆန္ဒပြသူများကို တွေ့လာနေ ရ သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့ပြီး လူမှုရေးမညီမျှမှုများနှင့် နိုင်ငံရေးမကျေနပ်မှုများက ဆန္ဒပြမှုများနှင့် ဆူပူမှုများကို တွန်းအားပေးနေကြောင်း သုံးသပ်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ ဥရောပတောင် ပိုင်းနှင့် ဘော်လ်ကန်ဒေသ တို့သည် လူမှုရေးမတည်ငြိမ်မှု ဖြစ်ပွားနိုင်ခြေအမြင့်ဆုံးဒေသများတွင် ပါဝင်လျက်ရှိကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံများအနက် ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နှင့် လာအိုနိုင်ငံတို့သည်လည်း လူမှုရေး မတည်ငြိမ်မှု ဖြစ်နိုင်ခြေမြင့်မားသော အနေအထားတွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။ ထူးခြားသည့် အချက်မှာ ယခုနှစ်များအတွင်း မကြာခဏ ဆန္ဒပြပွဲများဖြစ်ပေါ်နေသည့်အပြင် မကြာသေးမီလပိုင်းအတွင်း တွင်လည်း ကြီးမားသော ဆန္ဒပြမှုကြီးများဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံကိုမူ လူမှုရေး မတည်ငြိမ်မှု ဖြစ်နိုင်ခြေ အလယ်အလတ် စာရင်းထဲတွင်သာ ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

Eleven Media Group

No comments:

Post a Comment