Sunday, December 15, 2013

Facebook တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါး ဆက်နွှယ်နေမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေး

Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် အနုပညာရှင်များ မူးယစ်ဆေးဝါးဆက်နွယ်နေမှုများနှင့် ပတ်သက်၍ အဆိုပါဖြစ်စဉ်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူရဲမှူးကြီး ကိုကိုအောင် က ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အင်တာနက် စာမျက်နှာများတွင် ၂၀၀၈ ခုနှစ် ဧပြီ ၃၀ ရက်တွင် စိုးမြတ်သူဇာ(ခ)မစိုးအား အစစ်ခံချက်နှင့် ၂၀၀၈ ခုနှစ် မေ ၂၈ ရက်တွင် စံပယ်ကိုကို (ခ)မဇာဇာသိမ့်(ခ)န၀ရတ်တို့၏ အစစ်ခံချက်များကို ဖော်ပြထားသည်။

အစစ်ခံချက်တွင် WY ဆေးပြားသုံးစွဲသူများမှာ ရုပ်ရှင်လောကရှိ နာမည်ကြီးသရုပ်ဆောင်များ၊ အဆိုတော်များ၊ နာမည်ကြီး ဒါရိုက်တာများပါဝင်ကြောင်းဖော်ပြထားသည်။

ယင်းကဲ့သို့ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်နေ သည်ကို မေးမြန်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူး ကိုကိုအောင်က " အခုဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနေတယ်။ လုပ်ဆောင်နေတဲ့ ရဲလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ပေးသင့်တဲ့ အချိန်ကျရင် အကြောင်းအရာ အားလုံးကို ပြောကြားသွားပါမယ် " ဟု ဒီဇင် ဘာ ၁၃ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ပြောသည်။
ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့ မလွတ်ကင်းတာတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်းဘဲ အရေးယူသွားမှာပါ။ဝန်ထမ်းဖြစ်လို့၊ အနုပညာရှင်ဖြစ်လို့ အရေးမယူဘူး။ အခြားပြည်သူတွေကိုဘဲ အရေးယူတယ်ဆိုတာမဟုတ်ဘူး။ ဥပဒေအတိုင်းဘဲ ၀န်ထမ်းကိုလည်း အရေးယူမယ်။အနုပညာရှင်ကိုလည်း အရေးယူသွားမှာပါ . . .

ဆက်လက်၍ " စစ်ဆေးချက်တွေထွက်ပေါ်တာနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းနေပါတယ် " ဟု ပြောကြားခဲ့သည်။

အဆိုပါထွက်ပေါ်ခဲ့သော သတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ခေါ်ယူတွေ့ဆုံဆွေးနွေးမှုများရှိ ခဲ့သော်လည်း အဆိုပါခေါ်ယူတွေ့ဆုံဆွေးနွေးမှုသည် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ လူမှုရေးအရ လည်းကောင်း ထိပ်တန်းလျှို့ဝှက်ချက် အဖြစ်ထားရှိရန်လိုအပ်ကြောင်း၊ အဆိုပါလျှို့ဝှက်ချက် ထွက်ဆိုချက်သည် ယခုအခါအွန်လိုင်းစာမျက်နှာ Facebook ပေါ်တွင် ရောက်ရှိလာသည်ကိုတွေ့မြင် ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်မှုလုံးဝမရှိသော အနုပညာရှင်များ၊ ပတ်သက်မှုရှိခဲ့သော်လည်း ယခုအခါလမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းရန် ကြိုးစားနေကြသော အနုပညာရှင်များနှင့်တကွ မိသားစုများပါ ဂုဏ်သိက္ခာညှိုးနွမ်း ထိခိုက်သည်ကို တွေ့ရှိရကြောင်း ယင်းအတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အဆိုပါလုပ်ရပ်များအား ရပ်တန့်ပေးရန် မေတ္တာ ရပ်ခံလိုကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးမှ ကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

" ကျွန်တော်တို့အနေနဲ့ ဥပဒေနဲ့မလွတ်ကင်းတာတွေကို စစ်ဆေးတွေ့ရှိရင် ဥပဒေအတိုင်းပဲ အရေး ယူသွားမှာပါ။ ၀န်ထမ်းဖြစ်လို့၊ အနုပညာရှင်ဖြစ်လို့ အရေးမယူဘူး။ အခြားပြည်သူတွေကိုပဲ အရေးယူတယ်ဆိုတာ မဟုတ်ဘူး။ ဥပဒေအတိုင်းပဲ ၀န်ထမ်းကိုလည်းအရေးယူမယ်။ အနုပညာရှင်ကိုလည်း အရေးယူသွားမှာပါ။ မူးယစ်ဆေးသုံးစွဲလို့ အရေးယူခဲ့တဲ့ အနုပညာရှင်တွေလည်း ရှိပါ တယ် " ဟု ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြား ခဲ့သည်။

ယင်းကဲ့သို့ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် ပတ်သက်၍ လူမှုကွန်ရက် အင်တာနက် စာမျက်နှာတွင် ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေ အတော်များများနဲ့ အောင်ဇော်ရဲမြင့် ၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သက်နေပါတယ်။ အဲ့ဒီလို တရားဥပဒေရဲ့ အထက်မှာရှိနေသူများ ပါဝင်ပတ်သက်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေးအရေးယူခြင်းမခံခဲ့ရပါဘူး " ဟုလည်း ဖော်ပြ ထား သည်။

ထွက်ပေါ်ခဲ့သော အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူး မြင့်ထွေးအား မေးမြန်းရာတွင် " ဒီဖြစ်စဉ်က ၂၀၀၈ ခုနှစ်က ကိစ္စတွေဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ကို တရားလိုပြုတိုင်ကြားလာတဲ့ သူရှိလာရင်တော့ ရဲလုပ်ငန်း အရ ဆောင်ရွက် သွားမှာပါ " ဟု ပြန်လည်ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ အဆိုပါသတင်းထွက်ပေါ်လာပြီးနောက်တွင် အနုပညာရှင်အချို့မှာ ၎င်းတို့၏ ဖေ့စ်ဘုတ်ခ် စာမျက်နှာတွင် ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

" စစ်ဆေးလို့ထွက်ဆိုခဲ့တဲ့ နာမည်တွေထဲမှာ ကျွန်တော့်နာမည်လည်းပါခဲ့တယ်။ ဒီစစ်ဆေးချက်ဟာလည်း မှန်တယ်။ မှားတယ်ဆိုတာကိုလည်း ဘယ်သူမှမသိဘူး။ ကျွန်တော့်လည်း အစစ်ဆေးမခံရဘူး။ သုံးလည်း မသုံးစွဲဘူး။ အကယ်၍သုံးစွဲခဲ့ရင်လည်း ဥပဒေအရ အရေးယူခံရမှာပါ။ အစ်ကိုအနေနဲ့ အရင်က အဖြစ်အပျက်တွေကို အပြစ်မပြောဘူး။ အားလုံးက အခုချိန်မှာ ပြုပြင်ပြောင်းလဲနေကြပါပြီ။ ထွက်ပေါ်ခဲ့တဲ့ သတင်းနဲ့ပတ်သက်ပြီး အပြစ်မတင်သလို၊ စိုးစိုးကိုလည်း ညီမတစ်ယောက်လို ခင်မြဲအတိုင်းပါပဲ " ဟု ဒါရိုက်တာကိုဇော်(အရုဏ်ဦး)က ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

၂၀၁၃ခုနှစ်အတွင်း သရုပ်ဆောင် အနုပညာရှင်အချို့ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီး အရေးယူခံရသည့်ဖြစ်စဉ်အချို့မှာ ဇွန် ၂၈ ရက် ည ၇ နာရီတွင် ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်၊ သာယာဝတီ လမ်းရှိ Elephant Inn သို့ ၀င်ရောက်ရှာဖွေခဲ့ရာ သရုပ်ဆောင်ဘုန်းလျှံ(ခ) ဟိန်းထူးလင်းနှင့် ကျောက် တံတားမြို့ နယ်နေသူ ဦးမောင်ထွန်းလှတို့၏ အခန်းအတွင်းမှာ စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ သရုပ်ဆောင်ဘုန်းလျှံနှင့် အတူပါလာသူ ဦးမောင်ထွန်းလှ တို့အား ဗဟန်းမြို့မရဲစခန်းက မယ(ပ)၅/၁၃၊ မူး/စိတ် ပုဒ်မ-၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၄ ရက် နံနက် ၃နာရီခန့် က ပဲခူးခရိုင်၊ ကျောက်တံခါးမြို့၊ စာတိုက်ရပ်ကွက်၊ ဒဂုံ-မန်း ကားလမ်းပေါ်ရှိ လပ်ခ်ျမီး လက်ဖက်ရည်ဆိုင်တွင် သရုပ်ဆောင်ရဲတိုက်အား ဆေးခြောက်ဟုယူဆရသော အရွက်ခြောက်များနှင့်အတူ ဖမ်းဆီးရရှိခဲ့သဖြင့် ကျောက်တံခါးမြို့မရဲစခန်း (ပ)၄/၂၀၁၃၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်ပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment