Tuesday, December 31, 2013

နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်

8.1.1
ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ The Big Myanmar New Year Countdown ပြု လုပ် ခဲ့ရာ ပရိသတ်များနှင့် စည်ကားနေသည်ကို တွေ့ရစဉ်
ဒီဇင်ဘာ ၃၁ ရက်၌ ကျရောက်မည့် နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံးကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြောကြားသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူးနေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာအားလုံးတွင် လုံခြုံရေး အပြည့်အ၀ ချထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက “KTV တွေ ၊ နိုက်ကလပ်တွေ အားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထား ပါတယ်။ နှစ်သစ်ကူးနေ့ ညမှာ လူစည်ကားနိုင်တဲ့ ကန်တော်ကြီးလို နေရာမျိုးတွေအပြင် အခြားနေရာတွေ အားလုံးမှာ ရဲတပ်ဖွဲ့ဝင်တွေကို အပြည့်အ၀ လုံခြုံရေး ချထားပါမယ်။ သာမန်ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်လာနိုင်ပေမယ့် အုပ်စု လိုက် ဖြစ် ပွားမှုတွေနဲ့ ဆူပူမှုတွေ မဖြစ်အောင် အဓိကထားပြီး ထိန်းသိမ်းသွားမယ်” ဟု ပြောကြားသည်။ ထို့ပြင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က “နှစ်သစ်ကူးနေ့မှာ ဒုစရိုက်မှုတွေ၊ ခိုက် ရန်ဖြစ်ပွားမှုတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားဖို့ တစ်မြို့လုံးအနေနဲ့ လုံခြုံရေး အပြည့်အ၀ ချထားပါမယ်။ ညဘက်ဖွင့်တဲ့ ဆိုင်တွေအားလုံးကလည်း သတ်မှတ်ထားတဲ့ ည ၁၁ နာရီ အထိပဲ ဖွင့်လှစ် ခွင့် ပြု သွားမှာ ဖြစ်တယ်” ဟု ပြောကြားသည်။
အလားတူ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ဘောင်၊ မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့၌ ည ၁၁ နာရီ အထိသာ လာရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် (ခရစ်စမတ်နေ့) ကမူ ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ခြောက်ကြိမ် ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်း နှစ်သစ်ကို ကြိုဆိုသည့်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမှုကြီး ဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ ယင်းနေ့တွင်လည်း ရဲတပ်ဖွဲ့ဝင် အင်အားကို ပိုမိုချထားပြီး လုံခြုံရေး တင်းကျပ်ခဲ့ကြောင်း သိရသည်။
8.1.1
ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ညပိုင်းလုံခြုံရေး ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ပထမပတ် အတွင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
“ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့မှာလည်း သာမန်ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ မတော်တဆ ယာဉ်တိုက် မှုတွေပဲ ဖြစ် ပွားခဲ့တယ်။ ဖြစ်စဉ်ကြီး တစ်ခုမှ မဖြစ်ခဲ့ပါဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဒေါ်သီသီမြင့် က ပြောကြားသည်။
၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ဗုံးပေါက်ကွဲ မှုများနှင့် ဗုံးလန့်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ယခုနှစ်၏ နှစ်သစ်ကူး ညပိုင်းတွင် အုပ်ထိန်းသူ မိဘအများစုက မိမိတို့၏ သားသမီးများကို လူစည်ကားသည့် နေရာများသို့ သွားရောက်ခြင်း မပြုဘဲ တစ်နိုင်တစ်ပိုင် မိသားစု အချင်းအချင်း ပျော်ပွဲရွှင်ပွဲသာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
နှစ်သစ်ကူးနေ့တွင် ပြုလုပ်သွားမည့် ပွဲများမှာ ရန်ကုန်မြို့၊ မိုင်ဒါကွင်း၌ ညနေ ၅ နာရီခန့်မှ နံနက် ၁ နာရီခန့်အထိ The Big Myanmar New Year Countdown ၂၀၁၄ ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အခမဲ့ဖြစ်သည်။
ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် ကွင်း၌လည်း Grand Royal မှ နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်မည်ဖြစ်ပြီး Hip Hop Beach Party ဖျော်ဖြေပွဲကို ကန်တော်ကြီး (မျှော်စင်ကျွန်း) ၌ ကျင်းပသွားမည် ဖြစ်သည်။
ထို့ပြင် Yangon-Myanmar Event Park (မြေနီကုန်း ကားပါကင်အနီး) ၌လည်း မွန်းလွဲ ၂ နာရီမှ ည ၁၀ နာရီအထိ ဘန်ကောက် Airway Winter Festival ၂၀၁၃ ပွဲ ကျင်းပသွားမည် ဖြစ်သည်။
နှစ်သစ်ကို ကြိုဆိုလိုသူများ အနေဖြင့် လူ ၈၀၀ ဆံ့ အပျော်စီး ဗလမင်းထင် သင်္ဘောကိုလည်း စီစဉ် ထားကြောင်း၊ စိတ်ဝင်စားသူများ အနေနှင့် ဖုန်း ၀၉-၇၃၀၆၅၀၅၅ သို့ ဆက်သွယ်မေးမြန်းပြီး လက်မှတ်များ ၀ယ်ယူနိုင်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment