Monday, January 13, 2014

လွတ်မြောက်နိုင်ကျဉ်းများ မူလနိုင်ငံသားအခွင့်အရေးရရှိရန် စိစစ်ရေးကော်မတီထံ တင်ပြမည်

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်အတွင်းမှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ အပေါ် မူလ နိုင်ငံသားအခွင့်အရေးများ ချိုးဖောက်ခံရမှုများကို စိစစ်ရေးကော်မတီတွင် တင်ပြ ကာ ဆွေး နွေး သွား မည် ဟု လက်ကျန်နိုင်ကျဉ်း စိစစ်ရေးကော်မတီဝင် ဦးဘိုကြည်က မဇ္ဈိမကို ဇန်န၀ါရီ လ ၁၂ တွင် ပြောသည်။
“လွတ်ပြီးတဲ့ နိုင်ကျဉ်းဟောင်းတွေ လွတ်လပ်စွာ သွားလာခွင့်၊ မှတ်ပုံတင် ချက်ခြင်းရနိုင်ခွင့်၊ ပတ်စ်ပို့ လည်း အခြားနိုင်ငံသားများရသလို ၁၀ ရက်အတွင်းရနိုင်ခွင့်၊ ကိုယ်သင်ချင်တဲ့ပညာရပ်ကို လွတ်လပ်စွာ သင်ကြားနိုင်ခွင့် ဒါတွေကို ဆွေးနွေးပြီး ကော်မတီကို တင်ပြဖို့ရှိတယ်”ဟု ဦးဘိုကြည်က ပြောသည်။

အကျဉ်းထောင်များအတွင်းသို့ မတရားပုဒ်မများဖြင့်ဖမ်းဆီးခြင်းခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်ပြန်လည် လွတ်မြောက်လာသော်လည်း မူလနိုင်ငံသားအခွင့်အရေးများကို အစိုးရမှ ပိတ်ပင်ထားခြင်းကြောင့် နိုင် ငံ ရေး အကျဉ်းသားများ အခွင့်အရေးဆုံးရှုံးမှုများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

လက်ရှိတွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေးအကျဉ်းသား များကို ပြန်လည် လွှတ်ပေးေ န သော်လည်း အကြောင်းအမျိုးမျိုးဖြင့် ကန့်သတ်မှုများရှိနေခြင်းသည် နိုင်ငံသားအခွင့်အရေးကို ပိတ်ပင် သကဲ့သို့ဖြစ်နေသည့်အပြင် ဒီမိုကရေစီစနစ်နှင့်လည်း ဆန့်ကျင်နေသည့် လုပ်ရပ်ဖြစ်သည်ဟု ၂၀၁၃ ခု နှစ်ဧပြီတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်အတွင်းမှ ပြန်လည် လွတ်မြောက် လာပြီးနောက် နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် တစ်နှစ်ဆိုင်းငံ့ခံထားရသူ ကျောင်းသားတပ်မတော် (ABSDF)မှ ဦးဇော် မိုးက ဆိုသည်။

“ကျွန်တော်က ထောင်မကျခင်မှာ ကျောင်းတက်ခဲ့သေးတယ်။ ပညာရေးအတွက်ရယ် နောက်တစ်ခု က နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ပြည်ပမှာ အလုပ်ရုံဆွေးနွေးပွဲတွေရှိတဲ့အခါ သွားဖို့အတွက် ဒီဇင်ဘာ ပထမ အပတ်က ပတ်စ်ပို့လျှောက်တယ်။ ဒါကို နေပြည်တော်တင်စစ်ပြီး အခု တစ်နှစ်ဆိုင်းငံ့တယ်လို့ ကျွန်တော် တို့က မေးကြည့်တော့မှ သိရတယ်” ဟု ၎င်းက ပြောသည်။

ထောင်အတွင်းနေထိုင်ခဲ့စဉ်က ရရှိခဲ့သည့် ခန္ဓာကိုယ်ညာဘက်တစ်ခြမ်း ခါးနှင့် နံရိုးသုံးချောင်း ကျိုးကျေ မှုများကို အသိမိတ်ဆွေများရှိသည့် အမေရိကန်နိုင်ငံသို့ သွားရောက် ဆေးကုသရန်အတွက် နိုင်ငံကူး လက်မှတ်လျှောက်ထားရာတွင် တစ်နှစ် ဆိုင်းငံ့ထားခံခဲ့ရခြင်းဖြစ်သည်ဟု မေလ ၁၇ ရက်တွင် လွတ် ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကျောင်းသား တပ် မတော် ဗဟိုကော်မတီဝင် ဦးအေးမင်းနိုင်ကလည်း ဆိုသည်။

လက်ကျန်နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီသည် ထောင်အတွင်း ကျန်ရှိနေသည့် နိုင်ကျဉ်း ၃၃ ဦးအရေး ဆွေးနွေးရန် ကျန်ရှိနေပြီး ၎င်းတို့ လွတ်မြောက်ရေးအပြင်၊ လွတ်မြောက်ပြီး နိုင်ကျဉ်းများ အခွင့်အရေး ကန့်သတ်ခံထားရသည့် ကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးရန်အတွက် တင်ပြသွားမည်ဖြစ် သည်။ ကော်မတီသို့တင်ပြမှုကို ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် ဆွေးနွေး မည့် အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားမည် ဖြစ်သည်။

၎င်းတို့အရေး ဆွေးနွေးမည့် ဇန်န၀ါရီလ ၁၂ ရက် အစည်းအဝေးကို လက်ရှိတွင် ပြည်ထောင်စု ၀န်ကြီး ကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ မအားလပ်သဖြင့် ပြုလုပ်ရန် ရွှေ့ဆိုင်းခဲ့ပြီး မည်သည့်ရက် တွင် ပြန်လည်ပြုလုပ်မည်ကို လက်ရှိအချိန်တွင် မသိရသေးကြောင်း ဦးဘိုကြည်က ပြောသည်။

လက်ကျန်နိုင်ကျဉ်း စိစစ်ရေးကော်မတီကို အစိုးရအဖွဲ့ဝင်များ အရပ်ဘက်လူ့အဖွဲ့အစည်း များနှင့် နိုင်ငံ ရေး ပါတီဝင်များ ပါဝင်သည့် ၁၆ ဦးဖြင့် နိုင်ငံတော်သမ္မတက ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖွဲ့စည်းပေး ခဲ့ခြင်း ဖြစ်သည်။ ကော်မတီ၏ စိစစ်မှုများအရ ဧပြီလမှ ဒီဇင်ဘာလအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၃၅၄ ဦး ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment