Tuesday, January 28, 2014

မြို့နယ်အုပ်ချုပ်ရေးရုံးတွင် ဆိုင်ကယ်ခိုးခံရ

ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် အစည်းဝေးတက်ရောက်သည့် စက်မှုလယ်ယာ ၀န်ထမ်း တစ်ဦး၏ ဆိုင်ကယ်ကို အခိုးခံလိုက်ရသဖြင့် ဇန်န၀ါရီ ၂၆ တွင် အမှုဖွင့်တိုင်တန်းထားသည်။
ဆိုင်ကယ်အခိုးခံရမှုသည် ဇန်န၀ါရီ ၁၇ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး စက်မှုလယ်ယာ ၀န်ထမ်းဖြစ်သူ ဦးတင့်ရွှေ(၃၄)နှစ်က အမှုဖွင့်တိုင်တန်းထားခြင်းဖြစ်သည်။
ထို့နေ့က တရားလိုသည် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာ ဘောလုံးပြိုင်ပွဲကျင်းပရန် ညှိနှိုင်း အစည်းအဝေး တက်ရောက်စဉ် ၎င်းပိုင်ဆိုင်ကယ်ကို ရုံးအ၀င်ဝတွင် ရပ်ထားခဲ့ခြင်းဖြစ်သည်။

ထို့နောက် မွန်းလွဲ ၁ နာရီကျော်အချိန်တွင် အစည်းအဝေးပြီးဆုံးသဖြင့် ဆိုင်ကယ်အား သွားရောက် ယူ ဆောင်စဉ် ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သဖြင့် အမှုဖွင့်တိုင်တန်းထားခြင်းလည်း ဖြစ်သည်။

ဆိုင်ကယ်မှာ ၃၅ယ/၁၁၇၄၉၊ ကန်ဘို အနက်ရောင်၊ အင်ဂျင်အမှတ်၊ KB 135 FMID 3535235ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ် ၆၇၀,၀၀၀ တန်ကြေးရှိသည်ဟု တရားလိုက ရဲထံတွင် ထည့်သွင်းပြောထားသည်။

ယင်းဆိုင်ကယ်ခိုးယူခံရမှုကို ကော့မှူးရဲစခန်းက (ပ)၁၂/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၇၉(မဆ)ဖြင့် အရေး ယူရန် ခိုးယူသူကို စုံးစမ်းရှာဖွေနေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။
 Mizzima

No comments:

Post a Comment