Tuesday, January 21, 2014

သန်းခေါင်စာရင်းကောက်ယူရာတွင် ခူမီးနှင့် ခမီးလူမျိုးများကို အမည်တူသတ်မှတ်ခြင်း ရှုပ်ထွေးမှုများဖြစ်ပေါ်နေ၊ ပြောင်းလဲပေးရန် ခူမီးလူမျိုးများ တောင်းဆို

သန်းခေါင်စာရင်းကောက်ယူရာတွင် ချင်းမျိုးနွယ်စုဝင် ခူမီးလူမျိုးများကို ခမီးဟူသော အမည်ဖြင့် ကုတ်နံ ပါတ် သတ်မှတ်ထားခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ခမီးလူမျိုးများဖြင့် ရောထွေးမှုများ ဖြစ်ပေါ်နေကာ ယင်းအမည်ကို လက်ခံနိုင်ခြင်းမရှိဟု ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစနီအောင်က မဇ္ဈိမ ကို ပြောသည်။
သန်းခေါင်စာရင်းတွင် ခူမီးလူမျိုးများကို ချင်းမျိုးနွယ်စုဝင်ဆိုသောအောက်တွင် ခမီးဆိုသော အမည်ဖြင့် ကုတ်နံပါတ် ၄၀၅ ဖြင့် ထည့်သွင်းပေးထားပြီး ရခိုင်မျိုးနွယ်စုဝင်အောက်တွင်လည်း ခမီးအမည်ဖြင့် ကုတ် နံပါတ်တစ်ခု ထည့်သွင်းထားရာ ရောထွေးနေသောကြောင့် ချင်းမျိုးနွယ် စုအောက်ရှိ ခူမီးလူမျိုးများက အမည်အမှန် ပြင်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

“ရခိုင်ထဲက ခမီးလူမျိုးတွေက ကျွန်တော်တို့နဲ့ ညီအကိုလို့ ပြောလို့ရပေမယ့် မျိုးရိုးရော၊ ယဉ်ကျေး မှုရော၊ ဘာသာစကားပါ ကွာပါတယ်။ ကျွန်တော်တို့က ခူမီးလူမျိုးပါ။ ဒီနာမည်နဲ့ပဲ ရေရှည်ရပ်တည်မှာပါ”ဟု ဦး စနီအောင်က ပြောသည်။

ခူမီးလူမျိုးသည် ချင်းတိုင်းရင်းသား ၅၃ မျိုးတွင်ပါဝင်ပြီး ချင်းပြည်နယ် အနောက်တောင်ဘက် ပလက်ဝ မြို့နယ်၊ ဆီမီးမြို့နယ်ခွဲများတွင် အများဆုံးနေထိုင်သကဲ့သို့ အိနိ္ဒယနိုင်ငံ၊ မီဇိုရမ်ပြည် နယ် တောင်ပိုင်းဒေသ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသ၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် ဘူး သီးတောင်၊ မောင်တောနှင့် ကျောက်တော်မြို့နယ်များ၏ ချောင်းဖျားတောင်ပေါ်ဒေသများတွင် နေ ထိုင်ကြ သည်။

ခူမီးလူမျိုးစုဦးရေသည် ပြည်တွင်း၊ ပြည်ပတွင် ၇၅,၀၀၀ ၀န်းကျင်ခန့်ရှိပြီး ၎င်းတို့ကို အစိုးရ၏ သန်းခေါင် စာရင်းဟောင်းနှင့် လူအများစုမှ ခမီး၊ ခမွီး၊ ခမွေး၊ ခူမွေး၊ ခမွေ စသည်ဖြင့် အမျိုးမျိုးရေးသား ခေါ်ဆိုနေ ကြသည်ဟု ခူမီးစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ခူမီးချင်း မျိုးနွယ်စုဖိုရမ်၊ ပလက်ဝမြို့နယ် လူမှုရေးအ သင်းတို့မှ ဇန်န၀ါရီ၂၀ ရက်က ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Gender and Development Initiative အဖွဲ့ ရုံးခန်းတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောဆိုခဲ့ကြသည်။

ပလက်ဝမြို့နယ် လူမှုရေးအသင်း(ရန်ကုန်)မှ ပြောရေးဆိုခွင့်ရှိသူ အိုက်စောမြက “ကုတ်နံပါတ် ၄၀၅ ကို ခူမီးဆိုတဲ့ နာမည်သာမပြောင်းပေးရင် ချင်းလူမျိုးဆိုတဲ့ ၄၀၁ ကုတ်မှာပဲ ကျွန်တော်တို့ လူမျိုးတွေက ထည့် မှာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ပြည်တွင်းပြည်ပတွင် နေထိုင်ကြသော ခူမီးလူမျိုးများ စုပေါင်း၍ ခူမီးဖိုရမ်တစ်ခုကို ပလက်ဝမြို့ နယ်တွင် မတ်လအတွင်း ပြုလုပ်သွားမည်ဖြစ်ပြီး ထိုပွဲမတိုင်မီ ရန်ကုန်မြို့၊ မြစ်ကြီးနား၊ ပလက်ဝမြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၊ အိန်္ဒိယနိုင်ငံ နယူးဒေလီတို့တွင် ဖိုရမ်များပြုလုပ်၍ ကိုယ်စားလှယ်ပေါင်း ၁၀၀ကျော် ရွေး ချယ် သွားရန်လည်း စီစဉ်နေပြီဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment