Tuesday, January 21, 2014

သရေခေတ္တရာဇုန်တွင် ကျူးကျော်နေအိမ် ငါးလုံး ဖယ်ရှား

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်အတွင်း တည်ရှိသည့် သရေခေတ္တရာ ပျူမြို့ဟောင်း ဇုန် နယ်မြေ တွင် ခုနစ်လအတွင်း ကျူးကျော်နေအိမ် ငါးလုံးကို ဖယ်ရှားခဲ့ကြောင်း ကမ္ဘာ့အမွေအနှစ် စာရင်း ပါဝင်ရေး စီမံခန့်ခွဲမှုရုံး သရေခေတ္တရာမြို့ဟောင်း လုပ်ငန်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ကျေးရွာနယ်နိမိတ် ပြင်ပတွင် တည်ဆောက်ထားသည့် တိုးချဲ့ အဆောက်အအုံများကို ယဉ်ကျေးမှု အမွေ အနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် နေအိမ်နှစ် လုံး၊ နိုဝင်ဘာလ တွင် နေအိမ် နှစ်လုံးနှင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ပထမပတ်တွင် နေအိမ် တစ်လုံးတို့ကို အကြောင်းကြားစာ ထုတ်ပြန်ပြီး ဖယ်ရှားခဲ့ကြောင်း အဆိုပါလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ကျော် က ပြောကြားသည်။

“ကျေးရွာမြေမဟုတ်တဲ့ လယ်မြေတွေမှာ အိမ်တွေ တိုးချဲ့မလာဖို့ တားထားတယ်။ ဆောက်လက်စ အိမ်ငါးလုံး ကို စာထုတ်ပြီး ဖျက်ခိုင်းရတယ်။ ၂၀၁၂ ခုနှစ်တုန်းက ကောက်ထားတဲ့ အဆောက်အအုံ စာရင်း အတိုင်း စစ်ဆေးပြီး ကျူးကျော်တွေ ရောက်မလာအောင်လို့ ထိန်းသိမ်းထားတယ်။ ခုချိန်ထိတော့ ကျွန်တော်တို့ ဘက်က ဥပဒေအရ အရေးယူတာ မရှိသေးဘူး။ စာထုတ်ပြီး အိမ်ဖျက်ခိုင်းတာပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဇုန်တွင်းကျေးရွာများတွင် အမြင့်ပေ ၃၀ အထက်ရှိသော နေအိမ်ဆောက် လုပ်ခြင်းကို ကန့်သတ် ထားပြီး ရှေးဟောင်းနေရာ တည်ရှိရာ ဇုန် AZ တွင် ရွှေကျင်ခြင်း၊ မြေပြင်ခြင်း၊ ကျောက်ထုတ်ခြင်းများ၊ အဝေးပြေးလမ်းများ ဖောက်လုပ်ခြင်း များကို ကန့်သတ်ထားကာ ဇုန်အမျိုးအစား တစ်ခုချင်းစီအလိုက် စည်းမျဉ်း၊ စည်းကမ်းများလည်း ထုတ်ပြန်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment