Wednesday, January 29, 2014

မီဒီယာသမားအမည်သုံးပြီး ငွေကောက်ခံခဲ့သည့် တောင်ကြီး NLD ပါတီဝင်ကို အရေးယူရန် ဗဟိုသို့ တင်ပြထား

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်မတိုင်မီက မီဒီယာသမားများအမည်သုံးပြီး အလှူငွေကောက် ခံခဲ့သည့် တောင်ကြီးမြို့နယ်၊ အမျိုးသားရပ်ကျေးပါတီဝင် ကိုထွန်းထွန်းဦးကို ရှမ်းပြည်နယ် NLD စည်း ကမ်းထိန်းသိမ်းရေးအဖွဲ့က စစ်ဆေးခဲ့ရာ ပြုလုပ်ကြောင်း ၀န်ခံခဲ့သဖြင့် အရေးယူရန် ဇန်န၀ါရီ ၂၇ရက်က ဗဟိုသို့ တင်ပြထားသည်ဟု NLD ခရိုင်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဇန်န၀ါရီ ၂၈ တွင် မဇ်္ဈိမကို အတည်ပြု ပြောသည်။

၎င်းကို ဇန်န၀ါရီ၂၇ ရက်က ပြည်နယ်ရုံးတွင် စစ်ဆေးခဲ့ကာ NLD ရှမ်းပြည်နယ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အပြင်၊ မြို့နယ်ဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌ၊ ပြည်နယ်ဥက္ကဋ္ဌတို့လည်း ပါဝင်စစ်ဆေးခဲ့ခြင်းဖြစ်ကာ ပြုလုပ်သူ က ၀န်ခံခဲ့သဖြင့် ဗဟိုသို့ ဆက်လက်တင်ပြထားပြီးဖြစ်သည်။

ဦးတင်မောင်တိုးက “မီဒီယာသမားတွေအမည်သုံးပြီး ကောက်ခံခဲ့တာ ကျွန်တော်တို့ စုံစမ်းရသလောက် ၁၃၀၀၀၀ ကျော်လောက် ရှိပါတယ်”ဟု ဆိုသည်။

NLD ပါတီဝင်တစ်ဦးအနေဖြင့် ယင်းကဲ့သို့ ပြစ်မှုမျိုးကျူးလွန်ခဲ့ပါက အနိမ့်ဆုံးအရေးယူမှုမှာ ပါတီမှ ထုတ် ပယ်ခြင်းဖြစ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများလည်း ပြုလုပ်ရန် ပါတီဘက်မှ မူဝါဒများ ချထားသည် ဟုလည်း ဦးတင်မောင်တိုးက ဆိုသည်။

အဆိုပါ NLD ပါတီဝင်ကိုထွန်းထွန်းဦးသည် ဇန်န၀ါရီ ၁၈ တွင် တောင်ကြီးမြို့၌ မီဒီယာသမားများအမည် ခံကာ အလှူငွေကောက်ခံခဲ့ပြီး ၎င်းမှာ ပါတီဝင်တစ်ဦးသာဖြစ်ပြီး ပြန်ကြားရေးတာဝန်ခံမဟုတ်ဘဲ ပါတီမှ တာဝန်ရှိသူများ၊ အခြားပါတီဝင်များမသိဘဲ သူ၏သဘောဆန္ဒဖြင့်သာ အလှူငွေကောက်ခံခြင်းဖြစ်သည် ဟု တောင်ကြီးခရိုင် NLD က ဇန်န၀ါရီ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သေးသည်။

၎င်းကို စစ်ဆေးမှုများပြုလုပ်နေစဉ် ပါတီဝင်အဖြစ်မှ ရပ်စဲမည်ဟု ဇန်န၀ါရီ ၂၁ ရက်က အရေးပေါ်အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ယခုကိစ္စနှင့်ပတ်သက်၍ အမည်အသုံးပြုခြင်းခံရသော သတင်းထောက်များနှင့် သတင်းဌာနများသို့လည်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနူးအညွတ် တောင်းပန် ပါကြောင်း မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ် အခြေခံဥပဒေဟောပြောပွဲမတိုင်မီ ဖြစ်ပွား ခဲ့ခြင်းဖြစ်ကာ ဒေါ် အောင်ဆန်းစုကြည်၏ ရှမ်းပြည်ခရီးစဉ်သည် ဇန်န၀ါရီ ၂၄ မှ ၂၆ ရက်အထိ ဖြစ်သည်။

Mizzima

No comments:

Post a Comment