Thursday, February 13, 2014

ABSDF တာဝန်ရှိသူများ အနေဖြင့် စွပ်စွဲခံခဲ့ရသူများနှင့် စစ်ကြောရေး လုပ်ခဲ့သူများအား တွေ့ဆုံဖြေရှင်းနိုင်သည့်ပုံစံမျိုး ဖန်တီးပေးရန် မြောက်ပိုင်းပြန်များတောင်းဆို

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ထောက်လှမ်းရေးများဟု စွပ်စွဲကာ သတ်ဖြတ်ခံခဲ့ရသည့် ကျောင်းသားလူငယ်များအတွက် အမှတ်တရပွဲကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာ လမ်းမပေါ်ရှိ ကျိုက္ကဆံ-ဓမ္မပီယကျောင်းတိုက်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီမှ စတင်ကျင်းပခဲ့ရာ ထိုပွဲသို့ တက်ရောက်လာသော မြောက်ပိုင်းပြန်ကျောင်းသားများက ABSDF မှ ဖွဲ့စည်းထားသည့် အမှန်တရားပေါ်ပေါက်ရေး ကော်မတီအနေနှင့် ကျောင်းသားများအား ထောက်လှမ်းရေးဟုစွပ်စွဲကာ သတ်ဖြတ်ခဲ့သည့် တာဝန်ရှိသူများနှင့် စွပ်စွဲနှိပ်စက် ခံခဲ့ရသူများအား တွေ့ဆုံဖြေရှင်းနိုင်စေရန် စီစဉ်ပေးဖို့ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။


ထိုပွဲသို့ တက်ရောက်လာသည့် မြောက်ပိုင်းမှ အသက်မသေဘဲ ပြန်ရောက်လာသူ ဦးကျော်နိုင်ဦးက “ကျွန်တော်တို့တွေနဲ့ သေဆုံးသွားသူတွေဟာ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာကို သိနေကြပြီ။ မဟုတ်ဘူးဆိုတာကို သိရုံနဲ့ ဒီပြဿနာက မပြီးသွားဘူး။ ဒီပြဿနာ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့ အဖြေမှန်ကို သိဖို့အတွက် ဒီပြဿနာကို ပြုလုပ်တဲ့သူတွေနဲ့ ပြုလုပ်ခံခဲ့ရတဲ့သူတွေက မျက်နှာချင်းဆိုင် တွေ့ဆုံဖြေရှင်းကြဖို့ လိုပါတယ်။ ပြုလုပ်ခဲ့တဲ့ သူတွေဘက်က ကိုယ်ကျိုးစီးပွားကို ကာကွယ်ချင်တဲ့အတွက် အကုန်လုံးက ဝန်ခံမှာမဟုတ်ဘူး။ ဒါကြောင့် မိခင်အဖွဲ့အစည်းဖြစ်တဲ့ ABSDF မှာ တာဝန်ရှိလာပါတယ်။ မိခင်အဖွဲ့အစည်းက နှစ်ဖက်စလုံးကို ခေါ်ယူပြီး ပွင့်ပွင့်လင်းလင်း ဖြေရှင်းပေးလိုက်ရင် ဒါဘာကြောင့် ဒီလိုလွဲမှားခဲ့တာလည်းဆိုတာ ပေါ်လွင်လာမှာပါ။ တကယ်တော့ ပါဂျောင်အဖြစ်အပျက်က ကိုထွန်းအောင်ကျော်တို့သမိုင်း၊ ကျွန်တော်တို့သမိုင်း မဟုတ်ဘူး။ ကျောင်းသားထု တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့သမိုင်း ဖြစ်နေတာကြောင့် မှန်မှန်ကန်ကန်ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် မှားယွင်းခဲ့တယ်ဆိုရင်လည်း ပြည်သူတစ်ရပ်လုံးကို ABSDF အနေနဲ့ ရှင်းလင်းပြဖို့ လိုပါတယ်” ဟု The Daily Eleven သတင်းစာ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ထိုအခမ်းအနားတွင် မြောက်ပိုင်းပါဂျောင်တွင် သတ်ဖြတ်ခံခဲ့ရသူ မောင်မောင်ကြွယ်နှင့်ပတ်သက်ပြီး အထက်တန်းကျောင်းသားများ သမဂ္ဂမှ ကိုကိုမြင့်က ၎င်းအနေနှင့် မောင်မောင်ကြွယ်အား ၁၉၈၈ ဇွန်လက ရန်ကုန်တက္ကသိုလ်အတွင်း တက်ကြွလှုပ်ရှားသူ တစ်ဦးအဖြစ် သိခဲ့ရပြီး အထက်တန်းကျောင်းသားများ သမဂ္ဂကို စတင်တည်ထောင်ခဲ့သူများထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားသည်။ ထို့ပြင် ကိုချိုကြီးနှင့်အတူ လှုပ်ရှားဆောင်ရွက်ခဲ့သူ ကိုမောင်ခိုင်ကလည်း ကိုချိုကြီးနှင့် ပတ်သက်သည့် အမှတ်တရများအား ပြောကြားခဲ့ပြီး ကိုချိုကြီးအား သတ်ဖြတ်ခဲ့သည့် အပေါ်တွင် တရားဥပဒေအရ မျှတစွာ ဆောင်ရွက်ရန်လည်း တောင်းဆိုလိုက်သည်။

Eleven Media Group

No comments:

Post a Comment