Thursday, February 13, 2014

မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် တိုးတက်မှု ယခင်နှစ်ကထက် တုံ့နှေးသွားဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ World Press Freedom Index 2014 အစီရင်ခံစာတွင်ဖော်ပြ

၂ဝ၁၄ ခုနှစ်အတွက် World Press Freedom Index ကို နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders-RSF) က ဖေဖော်ဝါရီ ၁၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈ဝ အနက် အဆင့် ၁၄၅ ရှိခဲ့သော်လည်း ၂ဝ၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း တုံ့နှေးသွားကြောင်း သိရသည်။


၂ဝ၁၃ ခုနှစ် အဆင့်သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသည် အဆင့် ၁၅၁ ရရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ်တွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၁၈ ဆင့်ခုန်တက်ခဲ့ရာမှ ယခုနှစ်တွင် ၆ ဆင့်သာ တိုးတက်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၃ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၇၉ နိုင်ငံအား အဆင့်သတ်မှတ်ရာတွင် အရှေ့တောင်အာရှ နိုင်ငံများ အနက်မှ မလေးရှားနိုင်ငံ အနေဖြင့် ၂ဝ၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ၂၃ ဆင့် ကျဆင်းကာ ၂ဝ၁၃ ခုနှစ်တွင် ၁၄၅ ဆင့်သို့ ရောက်ရှိခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် အဆင့် ၁၄၇ သို့ ဆက်လက်ကျဆင်း သွားခဲ့ခြ င်းဖြစ် သည်။

အာဆီယံ နိုင်ငံများအတွင်းမှ စာနယ်ဇင်းလွတ်လပ်ခွင့် တိုးတက်လာသည့် နိုင်ငံများနှင့် အဆင့်များမှာ ဘရူနိုင်းအဆင့် ၁၁၇၊ ထိုင်းအဆင့် ၁၃ဝ၊ အင်ဒိုနီးရှား အဆင့် ၁၃၂၊ ကမ္ဘောဒီးယားအဆင့် ၁၄၄၊ မြန်မာအဆင့် ၁၄၅၊ ဖိလစ်ပိုင်အဆင့် ၁၄၉၊ စင်ကာပူအဆင့် ၁၅ဝ၊ လာအိုအဆင့် ၁၇၁ နှင့် ဗီယက်နမ်အဆင့် ၁၇၄ တို့ အသီးသီးဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် လူမျိုးရေး ပြဿနာများနှင့် တိုင်းရင်းသားတို့နှင့် ဖြစ်ပွားနေသည့် တိုက်ခိုက်မှု များသည်လည်း စာနယ်ဇင်းလွတ်လပ်ခွင့် တုံ့နှေးမှုတွင် အကြောင်းတစ်ရပ် အနေဖြင့် ပါဝင်နေကြော င်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ ဥပဒေပြုရေးကဏ္ဍ၏ ဖွံ့ဖြိုးမှုသည် ပိုမိုနှေးကွေးလာကြောင်း၊ ၂ဝ၁၂ ခုနှစ်အတွင်းက အစိုးရနှင့် လွှတ်တော်တို့က ပေးခဲ့သည့်ကတိအတိုင်း ကြိုတင်စိစစ်ရေး တင်ရခြင်းကို ရပ်ဆိုင်းခဲ့ပြီး မီဒီယာများနှင့် မီဒီယာ အဖွဲ့အစည်းများအတွက် လွတ်လပ်ခွင့် ပိုမိုပေးခဲ့သော်လည်း နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီသော မီဒီယာဥပဒေ ပြဌာန်းပေးမည့်ကတိကို ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မီဒီယာ အဖွဲ့အစည်းများနှင့် ညှနှိုင်းတိုင်ပင်မှုမရှိဘဲ အစိုးရက မီဒီယာဥပဒေကြမ်းကို မတ် ၄ ရက်က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ရာ မီဒီယာလွတ်လပ်ခွင့်အတွက် လက်ခံနိုင်ဖွယ်ရာမရှိသော ကန့်သတ်မှုများ ဖြစ်လာဖွယ်ရာရှိကြောင်း သုံးသပ်မှုများ ရှိခဲ့သည်။

လက်ရှိပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဥပဒေနှင့် နောက်ဆုံးတင်သွင်းထားသည့် အသံလွှင့်မီဒီယာ ဥပဒေမူကြမ်းသည် အစိုးရအနေဖြင့် အခြေခံအခွင့်အရေးများကို အမှန်တကယ် လေးစားလိုက်နာရေး အတွက် မဝံ့မရဲ ဖြစ်နေခြင်းကို ဖော်ပြကြောင်း RSF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိမ်နီးချင်း လာအိုနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် ကျဆင်းနေပြီး ကမ္ဘောဒီးယားနှင့် စင်ကာပူတို့တွင် အာဏာပိုင်များအနေဖြင့် သတင်းလွတ်လပ်ခွင့်အပေါ် စိုးရိမ်မှုများ ရှိနေဆဲဖြစ်ကာ ဗီယက်နမ်သည် အာဏာရှင်ဆန်သည့် တစ်ပါတီစနစ် အုပ်ချုပ်မှုအောက်တွင်သာ ရှိနေသေးကြောင်း သိရသည်။

ယင်းအစိုးရများနှင့် ပြည်သူများက မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသည့် ဒေသတွင်း စံနမူနာ အုပ်ချုပ်မှု ပုံစံသစ်၏ ဖွံ့ဖြိုးမှုမျိုး လုပ်ဆောင်ရန် ကြိုးပမ်းနေကြသော်လည်း မြန်မာနိုင်ငံကိုယ်တိုင် အနေဖြင့်မူ စံနမူနာပြနိုင်ငံအဖြစ် ကိုက်ညီအောင်လုပ်ဆောင်ရန် များစွာကျန်ရှိနေသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် သတင်းလွတ်လပ်ခွင့်တွင် အရှေ့တောင်အာရှဒေသအတွင်း အပေါင်းလက္ခဏာဆောင် သည့် ပြုပြင်ပြောင်းလဲမှုများအတွက် စံပြနိုင်ငံဖြစ်လာ၊ မလာကိုမူ ဆက်လက်စောင့်ကြည့် ရဦးမည်ဖြ စ်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

Eleven Media Group

No comments:

Post a Comment