Sunday, February 2, 2014

အမေရိကန် လုပ်ငန်းရှင်များကို ဆွဲဆောင်ရန် နယူးယောက်တွင် မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ကျင်းပမည်

အမေရိကန်ပြည်ထောင်စုမှ ရင်းနှီးမြှုပ်နှံသူများကိုအဓိကထား ဆွဲဆောင်ရန် နယူးယောက် မြို့တော် တွင် မြန်မာရင်းနှီး မြှုပ်နှံမှုဖိုရမ် (Myanmar Investment Outreach Business & Investment Forum) ကို ၂၀၁၄ ခုနှစ် ဇွန်လအတွင်း ကျင်းပမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြား သည်။

“ဒီပွဲမှာ အဓိကအချက်က အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်ဖို့ပါ။ အဲဒီမှာ မြန် မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ချပြမယ်။ မြန်မာနိုင်ငံက ရင်းနှီးမြှုပ်နှံ မှု အခွင့်အလမ်းတွေ ကို ပြည်ပက သိအောင်လုပ်တာ” ဟု ၎င်းကဆိုသည်။ 

ယခုကျင်းပမည့် ဖိုရမ်ကို အမေရိကန် ပြည်ထောင်စု အခြေစိုက် Peninsula Press က စီစဉ်ကျင်း ပခြင်း ဖြ စ် ပြီး ကမ္ဘောဇ ဘဏ်၊ City Mart၊ လွယ်ဟိန်း၊ Delco Mining၊ ရွှေတောင်၊ မြန်မာနိုင်ငံသားများဘဏ်၊ UMG၊ Green Construction Group တို့က အဓိက ပံ့ပိုးသွားမည် ဖြစ်ကြောင်း Peninsula Press ထံမှ သိရှိရသည်။

“အမေရိကမှာ Investment Promotion လုပ်တာကတော့ ဒါပထမဆုံး အကြိမ်ပါ။ သက်ဆိုင် ရာ အရာရှိကြီးတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ တက်မယ်” ဟု ဦးအောင်နိုင်ဦးက ဆို သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို သီးသန့်ဖော်ပြ၍ နိုင်ငံပေါင်း ၁၆၀ ကျော် တွင် ဖြန့်ချိ မည့် မူဝါဒရေးရာ စာစောင်တစ်ခုကိုလည်း ယခုနှစ်အတွင်း ထုတ်ဝေ သွားမည် ဖြစ်ကြောင်း Peninsula Press မှ အရှေ့တောင်အာရှဒေသ မန်နေဂျာ Kathleen DeLacy က ဆိုသည်။

“အမေရိကန်နဲ့ အနောက်ဥရောပက လာမယ့်သူတွေက ဒီမိုကရေစီ နိုင်ငံဖြစ်မှပဲ လာမှာ။ သူတို့ ပိုက်ဆံ အများကြီး ရင်းရတာလေ။ ဒီတော့ ဒီမိုကရေစီ နိုင်ငံတွေကို ပိုစိတ်ဝင် စားကြတယ်။ အခုကသုံးနှစ် ရှိသွားပြီ။ အမေရိကန်တို့၊ အနောက်ဥရောပတို့က ကြီးကြီး မားမား ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ သိပ်မှမရှိတာ” ဟု နယူးယောက် အခြေစိုက် နာမည်ကျော် ဥပဒေကုမ္ပဏီ တစ်ခုဖြစ်သော Herzfeld & Rubin, Meyer & Rose Law Firm မှ ဥပဒေရေးရာ အရာရှိ ဦးကျော်ဟိုးက မှတ်ချက်ပြုသည်။ 

မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဗြိတိန်၊ ဘယ်လ်ဂျီယံ၊ ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ မလေးရှား၊ ပြင်သစ် စသည့် နိုင်ငံများသို့ သွားရောက်၍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစည်းအဝေးများ၊ သက်ဆိုင်ရာ နိုင်ငံများမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ဆက်တိုက် ပြု လုပ်နေကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment