Saturday, February 15, 2014

ဘင်္ဂါလီ ၁၃၀၀ ကျော် ထိုင်းအစိုးရပြန်ပို့မှု လက်ခံထားခြင်း မရှိဟု မြန်မာအစိုးရဆို

ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ ဒုက္ခသည် ၁၃၀၀ ကျော်ကို ထိုင်းအစိုးရက နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ထိုင်း အစိုးရသည် မြန်မာအစိုးရထံ တစ်စုံတစ်ရာ ညှိနှိုင်း အသိပေးခဲ့ခြင်း မရှိသကဲ့သို့ မြန်မာဘက်တွင် ယင်း ဒုက္ခသည် များကိုလည်း လက်ခံရရှိထားခြင်း မရှိကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက The Voice သို့ ပြောကြားသည်။

ထိုင်းနိုင်ငံ တစ်ဝန်းရှိ ထိန်းသိမ်းရေး စခန်းများနှင့် ဒုက္ခသည် စခန်းများတွင်ရှိသော ဘင်္ဂါလီဒုက္ခသည် ၁၃၀၀ ခန့်ကို မြန်မာနိုင်ငံပိုင် သူဌေးကျွန်းသို့ ပြီးခဲ့သည် နိုဝင်ဘာလ အတွင်းက နှစ်ဖက်အစိုးရ သဘောတူညီချက်ဖြင့် ပြန်လည် ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ လူဝင်မှု ကြီးကြပ်ရေးဗျူရို ရဲမင်းကြီး Pharnu Kerdlerpphon ၏ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာ သတင်းဌာန များတွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရေးသားခဲ့ကြသည်။
အဆိုပါ သတင်းများနှင် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ် မေးမြန်းရာ “ကျွန်တော်တို့ကို တစ်စုံတစ်ရာ အသိပေးထားခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဘက်က လက်ခံခဲ့တာလည်း မရှိပါဘူး” ဟု ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ဒုက္ခသည် အလွှဲအပြောင်း ကိစ္စများ ဆောင်ရွက်ရာတွင် နှစ်ဖက် အစိုးရ ဝန်ကြီးဌာနများ ညှိနှိုင်း၍ နှစ်ဖက် သက်သေများဖြင့်သာ အလွှဲအပြောင်း ပြုလုပ်လေ့ ရှိကြောင်း ၎င်းကရှင်းပြသည်။

သို့သော် ဒုက္ခသည်များကို ပို့ဆောင်ရာတွင် ထိုင်းအစိုးရက မြန်မာအစိုးရ အရာရှိများကို ကြိုတင် အသိပေးပြီးမှ ပို့ခဲ့ခြင်း ဖြစ်ပြီး နှစ်နိုင်ငံမှ မျက်မြင် သက်သေများရှေ့တွင် လှေတင် ပြန်ပို့ခဲ့ခြင်း ဖြစ်ကြောင်း Pharnu Kerdlerpphon က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဘန်ကောက် ပို့စ် သတင်းစာတွင် ပြောကြား ထားသည်။

ယင်းသတင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနနှင့် ဘန်ကောက်ရှိ မြန်မာနိုင်ငံ သံရုံးသို့ စုံစမ်းမေးမြန်းခဲ့ရာ ဒုက္ခသည်များ ပြန်လည် ပို့ဆောင်ခြင်းကိစ္စနှင့် ပတ်သက်၍ ထိုင်းအစိုးရက တစ်စုံတစ်ရာ အသိပေး သဘောတူ ဆောင်ရွက်ခဲ့ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း အလျဉ်းမရှိခဲ့ဟု ပြန်လည် ပြောကြားကြောင်း ဦးဇော်ဌေးက ဆိုသည်။

ပြီးခဲ့သည့် နှစ်အကုန်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ကြသည့် ဘင်္ဂါလီ ဒုက္ခသည်များကို ထိုင်းရဲတပ်ဖွဲ့က လူကုန်ကူးမှုများ ပြုလုပ်နေသည်ဟု နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရများက ထိုင်းအစိုးရကို ဖိအားပေးမှုများ ပြုလုပ်ပြီး သုံးလခန့်အကြာတွင် ဒုက္ခသည်များကို မြန်မာနိုင်ငံ သို့ ပြန်ပို့ လိုက်ကြောင်း သတင်းထွက် ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ထိုင်းအစိုးရအနေနှင့် ဘင်္ဂါလီ ၁၃၀၀ ကျော်၏ လက်ရှိ အခြေအနေကို အမြန်ဆုံး ဖော်ထုတ်ပေးရန် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့အစည်းများက ဖေဖော်ဝါရီ ၁၂ ရက်က ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ထိုင်းအစိုးရက ဘင်္ဂါလီ ဒုက္ခသည်များကို မြန်မာနိုင်ငံမှ ကူးပြောင်းလာသော ရိုဟင်ဂျာ တိုင်းရင်းသား ဖြစ်သည်ဟု ပြောကြား ထားခြင်းနှင့် ပတ်သက်၍လည်း “ထိုင်း၊ မလေးရှား၊ သြစတေးလျ နိုင်ငံတွေမှာ ဒေသတွင်း နိုင်ငံပေါင်းစုံက ရွှေ့ပြောင်း လုပ်သားတွေ အများကြီး ရှိနေတယ်။

သူတို့တွေက နှုတ်ကနေ့ မြန်မာနိုင်ငံသားပါလို့ ပြောရုံနဲ့ မြန်မာနိုင်ငံသား မဖြစ်ဘူး။ မြန်မာနိုင်ငံသား တစ်ယောက်က ပြည်ပကို ရောက်နေတာ မှန်ရင် မြန်မာနိုင်ငံသား ဖြစ်ကြောင်း အထောက်အထား ရှိရမယ်။ UNHCR ကဒ် ကိုင်ဆောင်ထားတဲ့သူတောင် မြန်မာနိုင်ငံသား ဖြစ်မှာ မဟုတ်ဘူး” ဟု အစိုးရ တာဝန်ရှိသူတစ်ဦးက ထပ်လောင်းရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂါလီ အချို့သည် ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည်များဟု ဆို၍ ပင်လယ် ရေကြောင်းမှ တစ်ဆင့် နိုင်ငံ တော်တော် များများသို့ တိုးဝင်လျက်ရှိရာ ယခုထိုင်းအစိုးရ ပြန်ပို့လိုက်သည်ဆိုသော ဘင်္ဂါလီ များ သည်လည်း မြန်မာနိုင်ငံ သား အမည်ခံများသာ ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

The Voice

No comments:

Post a Comment