Sunday, February 23, 2014

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးခြင်းကြောင့် ဗီဇာသက်တမ်းလွန်နေသည့် အလုပ်သမားများအား ဒဏ်ကြေး ကင်း လွတ်ခွင့်ပေး ရန် ထိုင်းရောက် မြန်မာအလုပ်သမားအဖွဲ့က တောင်းဆို

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းမှုကြောင့် ဗီဇာသက်တမ်းမတိုးနိုင်ဘဲ ဗီဇာသက်တမ်းလွန်  (Over stay) နေသည့် မြန်မာအလုပ်သမားများအပေါ်တွင် ဒဏ်ကြေးကောက်ခံခြင်း မပြုရန် ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်က တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဗီဇာသက်တမ်း လေးနှစ်ပြည့် အလုပ်သမားများကို ဖမ်းဆီးမှုများ ရှိနေပြီး၊ ထိုင်းရဲများက ဗီဇာသက်တမ်းကုန်ဆုံးမှုကို အကြောင်းပြ၍ ငွေတောင်းခံခြင်း၊ ဗီဇာသက်တမ်းတိုးပေးမည်ဟုဆိုကာ ပွဲစားများမှ လိမ်လည်ခြင်းနှင့် အလုပ်မှ ထုတ်ပယ်ခံရခြင်းတို့ကို ကြုံတွေ့နေ ရကြောင်း သိရသည်။

ထိုသို့ နှစ်နိုင်ငံအစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု နှောင့်နေးမှုကြောင့် ဗီဇာသက်တမ်း မဆက်နိုင်ဘဲ ဖြစ်နေ သည့် အလုပ်သမားများကို ဒဏ်ကြေးကင်းလွတ်ခွင့်ပြုရန် အပါအ၀င်အလုပ်သမားများအား ပုံမှန်ပတ်စ်ပို့ ထုတ်ပေးခြင်းမပြုဘဲ မူလကိုင်ဆောင်ထားသည့် ယာယီပတ်စ်ပို့ကိုသာ လုံလောက်သည့် သက်တမ်း တိုးပေးရန် ၊ ထိုင်းအစိုးရမှ နိုင်ငံခြားသားအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ် သမားများအပေါ် ဘတ် တစ်ထောင်နှုန်း ကောက်ခံမည့်  အိမ်ပြန်စရိတ်ရန်ပုံငွေ အစီအစဉ်အား ဖျက် သိမ်းပေး ရန် စသည့်အချက်ငါးချက်ကို တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံရေး မငြိမ်သက်မှုများကြောင့် မြန်မာ-ထိုင်း နှစ်နိုင်ငံသဘောတူညီထားသည့် ဗီဇာသက်တမ်းကုန် အလုပ်သမားများ  ဆက်လက်လုပ်ကိုင်ခွင့်ရရေး အစီအစဉ်ကို စတင်နိုင်ခြင်းမရှိသေးဘဲ ပြီးခဲ့ သည့် ဖေဖော်ဝါရီ ပထမပတ်အတွင်းက မြ၀တီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းရှိ ဗီဇာသက်တမ်းကုန်အလုပ်သမား ၅၀၀၀ နီးပါး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်ကို  ထိုင်းရှိ ရွှေ့ပြောင်းအလုပ် သမား ၃၀၀၀ ကျော် ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား သုံးသန်းကျော်ရှိပြီး ထက်ဝက်ခန့်ကို ယာယီနိုင်ငံကူး လတ်မှတ်နှင့် အထောက်အထားများ ထုတ်ပေးပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေ သည့် အလုပ်သမား ၅ သိန်း ၀န်းကျင်ရှိကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment