Wednesday, February 12, 2014

လိင်ပြောင်းလဲထားသည့် ကစားသမားများပါဝင်နေဟု အီရန်အမျိုးသမီးအသင်း စွပ်စွဲခံရ

အီရန်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ ကစားသမားအချို့မှာ လိင်ပြောင်းထားသည့် ကစား သမားများ ဖြစ်နေသည်ဟု စွပ်စွဲခံခဲ့ရပြီး ကစားသမားလေးဦးမှာ အမျိုးသားများဖြစ်နေကြောင်း သတင်း များ ထွက်ပေါ်လာခဲ့သည့်အတွက် အသင်းမှ ကစားသမားများကို လိင်စစ်ဆေးမှုပြုလုပ်ရန် တွန်းအားပေး မှုများရှိလာခဲ့သည်။

ဆေးစစ်ဆေးသူများသည် အီရန်အမျိုးသမီး ဘောလုံးအသင်း၏ လေ့ကျင့်ခန်း အစီအစဉ်များတွင် ကျပန်း ဆေးစစ်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ဆေးစစ်ဆေးမှုကျသည့် မည်သည့်ကစားသမားမဆို၊ အမျိုးသမီး စင်စစ်ဖြစ်ကြောင်း သက်သေပြနိုင်ခြင်းမရှိသည့် မည်သည့်ကစားသမားကိုမဆို ပြိုင်ပွဲများတွင် ပါဝင်ယှဉ် ပြိုင်ခြင်းမှ ပိတ်ပင်သွားမည် ဖြစ်သည်။ ထို့အပြင် ဆေးစစ်သူများအနေဖြင့် အမျိုးသမီးပရော်ဖက်ရှင်နယ် လိဂ် ပြိုင်ပွဲများနှင့် ဖူဆယ်လိဂ် ပြိုင်ပွဲများတွင်ပါ ဆေးစစ်ဆေးမှုများကို ၀င်ရောက်ပြုလုပ်မည် ဖြစ်သည်။

ထိုဆေးစစ်မှုကို အီရန်ဘောလုံးအဖွဲ့ချုပ်မှ ဦးစီးဆောင်ရွက်မည်ဖြစ်ပြီး ထိုကဲ့သို့ ရုတ်တရတ်ပြုလုပ်ရခြင်း မှာ မကြာသေးခင်က ထွက်ပေါ်လာခဲ့သည့်သတင်းများအရဖြစ်ကြောင်း တယ်လီဂရပ်ဖ် သတင်းစာက ဆိုသည်။ အမျိုးသမီး လက်ရွေးစင်အသင်းမှ ကစားသမားလေးဦးအပါအ၀င်အခြား ကစားသမားတချို့ သည်လည်း လိင်ပြောင်းလဲထားခြင်းမရှိသည့် အမျိုးသားများဖြစ်နေပြီး လိင်မှုဆိုင်ရာ ဖောက်ပြန်မှုရှိနေ သူများလည်း ပါဝင်နေကြောင်း သတင်းထွက်ပေါ်နေသည်။

အီရန်နိုင်ငံတွင် လိင်ပြောင်းလဲ ခွဲစိတ်မှုမှာ တရားဥပဒေနှင့်ညီညွတ်မှုမရှိဘဲ ၁၉၇၉ ခုနှစ်ကတည်းက အီရန်နိုင်ငံ၏ ထင်ရှားသည့်နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ Ayatollah Ruho-llah Khomeini ၏ ဘာသာရေး စည်းမျဉ်းစည်းကမ်းများအရ လိင်ပြောင်းလဲခွဲစိတ်မှုကို လက်မခံသည့် အပြု အမူတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။ ဆေးစစ်ဆေးမှုပြုလုပ်စဉ်အတွင်း အမျိုးသမီးကစားသမားများ အနေဖြင့် အမျိုးသမီးစစ်စစ် ဖြစ်ကြောင်း သက်သေမပြနိုင်ခဲ့ပါက ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရမည်ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် လိင်ပြုပြင်ပြောင်းလဲမှုပြုလုပ်ထားကြောင်း ၀န်ခံရမည် ဖြစ်သည်။

အီရန်ဘောလုံးအဖွဲ့ချုပ် ဆေးကော်မတီ၏ အကြီးအကဲဖြစ်သူ အာမက်ဟာရှီမီရန်းက အမျိုးသမီး ကစားသမားများကို ခေါ်ယူခဲ့သည့် ကလပ်အသင်းများသည် စာချုပ်,ချုပ်ဆို၍ ခေါ်ယူခြင်း မပြုလုပ်မီက ပင် ကစားသမား၏ လိင်အမျိုးအစားကို ခွဲခြားစစ်ဆေးနိုင်ခဲ့ခြင်းမရှိခဲ့သည့် အတွက် ကလပ်အသင်းများ အနေဖြင့်လည်း အပြစ်မကင်းကြောင်း ပြောကြားခဲ့သည်။

အမျိုးသားများကစားသည့် ပွဲစဉ်များသို့ အမျိုးသမီးပရိသတ်များ လာရောက်အားပေးခွင့် မရှိသေးသော် လည်း အီရန်နိုင်ငံတွင် ဘောလုံးအားကစားနည်းမှာ အမျိုးသားများသာမက အမျိုးသမီးများပါ အလွန် အမင်း စိတ်ဝင်စားမှု မြင့်တက်လာသည်။ ယခုကဲ့သို့ လိင်ပိုင်းဆိုင်ရာ ပြဿနာမှာ အီရန်ဘောလုံး လော ကတွင် လွန်ခဲ့သည့် လေးနှစ်လောက်ကတည်းက သံသယရှိနေသည့်ကိစ္စဖြစ်ပြီး အမျိုးသမီးအသင်းတိုင်း တွင် အနည်းဆုံး ဂိုးသမားတစ်ဦးဖြစ်စေ အမျိုးသားကစားသမား ပါဝင်နေသည်ဟု သံသယရှိနေခဲ့ကြသည်။

Mizzima

No comments:

Post a Comment