Monday, February 3, 2014

တရုတ်၊ ထိုင်းတို့အတွက် အဓိကအကျိုးရှိမည့် သံလွင်ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုအား ဆက်လက်လုပ်ဆောင်မှု မရှိရန် လက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုအား ယနေ့ပြုလုပ်မည်

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာစီမံကိန်း ခြောက်ခုအား ဆက်လက်လုပ်ဆောင်မှု မပြုရန် ကန့်ကွက်သည့် လက်မှတ်ကောက်ခံခြင်း လှုပ်ရှားမှုအား ဖေဖော်ဝါရီ ၃ ရက် (ယနေ့) တွင် အဆောက်အအုံ ၁၊ အခန်း ၅ (က)ရှိ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ Karen River Watch မှ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းခြောက်ခုအတွက် တရုတ်နှင့် ထိုင်းနိုင်ငံကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းထောင်နှင့်ချီ၍ တည်ဆောက်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် စီမံကိန်းများကို မြန်မာနိုင်ငံရှိ ရွှေတောင်၊ Asia World  နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကာ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသခံများ ဆိုးကျိုးများ ခံစားရနိုင်ခြင်းကြောင့် စီမံကိန်းအား ဆက်လက်လုပ်ဆောင်မှု မပြုရန် တောင်းဆိုမှုများ ရှိနေသည်။

သံလွင်မြစ်ကြောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းပေါင်း ခြောက်ခုတည်ဆောက်ရန် လျာထားကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း (မိုင်းတုံ) ရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာတို့ ဖြစ်သည်။

သံလွင်မြစ်ကြောင်းပေါ်ရှိ ရှမ်းပြည်နယ်တွင် ရေကာတာ တည်ဆောက်ရန်အတွက် နယ်မြေရှင်းလင်းသဖြင့် နေရပ်ရွှေ့ပြောင်းစေမှုကြောင့် နေရပ်စွန့်ခွာ ဒုက္ခသည်များ သိန်းဂဏန်းအထိ ရှိခဲ့ကာ ကရင်ပြည်နယ်တွင်လည်း အလားတူ နေရပ်စွန့်ခွာ ဒုက္ခသည်များ ရှိခဲ့ကြောင်း နိုင်ငံတကာ မြစ်ချောင်းများအဖွဲ့ (International Rivers) ၏ စစ်တမ်းများအရ သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ၉ဝ ရာခိုင်နှုန်းကို တရုတ်နှင့်ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အား  အနည်းငယ်ကို မည်သို့ဖြန့်ဝေ သုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့်အစီအစဉ် မရှိသည့်အပြင် ပြည်သူလူထု မည်မျှအကျိုးခံစားရမည်၊ မည်သို့ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်းမရှိကြောင်း သိရှိရသည်။


Eleven

No comments:

Post a Comment