Tuesday, February 18, 2014

မြန်မာနိုင်ငံ၏ ယခုနှစ်အခွန်ကောက်ခံမှုသည် ယမန်နှစ်ကာလတူထက် အခွန်ရရှိမှု ၆၆၇ ဘီလျံ ပိုမိုရရှိခဲ့

လုပ်ငန်းရှင်ကြီးများ၏ အခွန်ရှောင်မှု များပြားနေသည့် မြန်မာနိုင်ငံ၏ ယခု ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်၏ အခွန်ရရှိမှုမှာ ယမန်နှစ် ကာလတူထက် ၆၆၇ ဘီလျံ ပိုမိုရရှိခဲ့ပြီး လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်မှ စတင်ကာ နှစ်စဉ်အခွန်ရရှိမှု၏ နှစ်ဆရရှိရန် ခန့်မှန်းထားကြောင်း အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။


“ယမန်နှစ် ကာလတူထက် အခွန်ငွေ ၆၆၇ ဘီလျံပိုမို ရရှိခဲ့ပါတယ်။ ဒီလို အခွန်ငွေ ပိုမိုရရှိခြင်းအားဖြင့် ပြည် သူတွေအတွက် လိုအပ်နေတဲ့ အရာတွေ ကို အစိုးရအနေနဲ့ လုပ်ပေးနိုင်မှာပါ”ဟု သူရဦးသောင်းလွင်က ဆိုသည်။

အာဆီယံနိုင်ငံများအနက် ဂျီဒီပီတွင် အခွန်ပါဝင်မှုအချိုး လေးရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးနေရာ၌ ရပ်တည်နေ သည့် မြန်မာနိုင်ငံ အနေဖြင့် အခွန်တိုးမြင့် ရရှိစေရန် အိမ်ခြံမြေဆိုင်ရာ ဖြေလျှော့မှုများ၊ မှောင်ခိုတင်သွင်း နေမှုများအား ကြပ်မတ်ခဲ့သည့်အတွက် တရားဝင် တင်သွင်းသည့် လမ်းကြောင်းများမှ တင်သွင်းလာသည့် အတွက် အခွန်ငွေ ပိုမိုရရှိမှုများ၊ စက်သုံးဆီ မှောင်ခို တင်သွင်း နေသူများအား ခေါ်ယူတွေ့ဆုံ၍ ဆက်လက် မှောင်ခိုတင်သွင်း နေပါက သတင်းစာတွင် ဖော်ထုတ်မှုများ၊ အရေးယူမှုများ လုပ်ဆောင်မည်ဟု သတိပေးခဲ့သည့်အတွက် စက်သုံးဆီ မှောင်ခိုတင်သွင်းနေသူ အချို့က တရားဝင်လမ်းကြောင်းမှ ပြန်လည် တင်သွင်း လာမှုများ စသည့်လုပ်ငန်းစဉ်များအား အစိုးရက ဖွဲ့ပေးခဲ့သည့် အခွန်စိစစ်ကြပ်မတ် ကောက်ခံရေး ဘုတ်အဖွဲ့မှ ဦးဆောင်လုပ်ဆောင် ခဲ့မှုများကြောင့် အခွန်ရရှိမှု တိုးတက်လာသည် သာမက လာမည့် ဘဏ္ဍာနှစ်တွင် အခွန်ငွေ တိုးတက်ရလာနိုင်သည့် အနေအထားကိုပင် ခန့်မှန်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သူရဦးသောင်းလွင်က ပြောကြားသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ Group of Companies အုပ်စုအားလုံးကို ခေါ်တွေ့တယ်။ သူတို့ဆီက ငါးနှစ်စာ စာရင်းတွေနဲ့ ကျွန်တော် တို့ဆီက စာရင်းတွေတိုက်ကြည့်တယ်။ သူတို့ ဘယ်နေရာမှာ အခွန်ရှောင်နေ သလဲ ဆွေးနွေးခဲ့တယ်။ သူတို့ဘာပြောလဲ ဆိုတော့ သူတို့အနေနဲ့ လာမယ့်နှစ်ကစပြီး အခွန် မရှောင်တော့ ပါဘူး။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေလာရင် သိက္ခာမကျရအောင် လုပ်ပါမယ်။ သူတို့အခွန်မရှောင်တဲ့ အကြောင်းကိုလည်း ကမ္ဘာ့ထိပ်တန်းစာရင်း စစ်ကြီးတွေနဲ့ ခေါ်ယူစစ်ဆေးခံပါ့မယ် ပြောကြပါတယ်”ဟု သူရဦးသောင်းလွင်က Group of Companies များနှင့် ခေါ်ယူဆွေးနွေးစဉ် ပြောကြားခဲ့သည်များကို ပြန်လည်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုချက်ဖြင့် လည်ပတ်နေသည့် ကုမ္ပဏီများမှာ ၃ဝဝဝဝ ကျော်အထိ ရှိနေသော်လည်း အမြတ်ပြအခွန်ဆောင်သည့် ကုမ္ပဏီများမှ  ၂ဝဝဝ ကျော် ခန့်သာရှိသည့်အထိ အခြေအနေ ဆိုးရွားနေကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းများတွင်လည်း Group of Companies အမည်ခံ လုပ်ဆောင်နေသည့် ကုမ္ပဏီကြီးများစွာ ရှိနေပြီး အဆို ပါကုမ္ပဏီအုပ်စု အများစုမှာလည်း အခွန်ရှောင်မှုများ များပြားနေကြောင်း သိရသည်။

“Group of Companies အုပ်စုတွေ အောက်မှာ ကုမ္ပဏီတွေအများကြီးရှိတယ်။ သူတို့သာ မှန်မှန်ကန်ကန် အခွန်ဆောင်မယ်ဆို လက်ရှိအခွန်ရရှိနှုန်းထက် နှစ်ဆတက်လာ နိုင်ပါတယ်”ဟု သူရဦးသောင်းလွင်က Group of Companies များ အခွန်တိမ်းရှောင်မှုမရှိဘဲ အမှန်တကယ် အခွန်ဆောင်လာပါက တိုးတက်ရရှိနိုင်မည့် ပမာဏကို ခန့်မှန်းပြောကြားသည်။

မြန်မာနိုင်ငံတွင် Group of Companies အုပ်စုများအဖြစ် ထူး၊ ရွှေတောင်၊ Naing Group of Companies၊ Max Myanmar Group of Companies၊ A1 Group of Companies၊ Dagon Group of Companiesစသည့်ကုမ္ပဏီ အုပ်စုများစွာ ရှိနေကြောင်း သိရသည်။

သူရဦးသောင်းလွင် ဦးဆောင်ပြီး အဖွဲ့ဝင်ရှစ်ဦး ပါဝင်သည့် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့အား ၂ဝ၁၃ ခုနှစ် မေ ၈ ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အခွန်စည်းကြပ် ကောက်ခံရာတွင် ရသင့်ရထိုက်သော အခွန်ရရှိခြင်း ရှိမရှိ စိစစ်ရန်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ စိစစ်တွေ့ရှိ ချက်များအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြရန်၊ ရသင့်ရထိုက်သော အခွန်ရရှိရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိအခွန် ကောက်ခံမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ် အကြံပြုရန်၊ မြန်မာနိုင်ငံ၏ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်စေရေးနှင့် အခွန်ပြည့်ပြည့်ဝဝ ရရှိရေး အထောက်အကူပြုရန် စသည့်လုပ်ငန်းများအား အဓိကလုပ်ဆောင် ရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment