Thursday, February 13, 2014

ကင်တားနား မြန်မာပြည်နောက်ဆုံးခရီး မျှတမှုရှိရန်မျှော်မှန်း

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ်အိုဟေးကင်တားနား၏ တိုက်တွန်းချက် အစီရင်ခံစာများတွင် မြန်မာအစိုးရဘက်က လက်မခံနိုင်သည့်အချက်များ ရှိနေ သဖြင့် ဖေ ဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိ လာရောက်မည့် ကင်တားနား၏ မြန် မာနိုင်ငံ နောက် ဆုံးခရီးစဉ်တွင် တကယ့် ပြည်တွင်းအခြေအနေ၊ လက်တွေ့ဖြစ်ရပ်များပေါ် အခြေခံသည့် သုံးသပ်ချက်များ၊ ရှုမြင်ချက် များဖြစ်လာရန် မျှော်လင့်သည်ဟု သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကို ပြောသည်။

“ဒီခရီးစဉ်မှာ နှစ်ဖက်မျှမျှတတပေါ့။ သူ့အတွက် နောက်ဆုံးခရီးစဉ်ဖြစ်တဲ့အတွက် အားလုံးအတွက် အပြု သဘောဆောင်တဲ့ ခရီးစဉ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ မှန်ကန်တိကျပြီး ဘက်မလိုက်တဲ့ အမြင်ဖြစ်ဖို့ လို တယ်”ဟု ၎င်းက ပြောသည်။

ကုလသမဂ္ဂဘက်မှ တိုက်တွန်းနေသော လူနည်းစုအခွင့်အရေးဆိုရာတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ လက်မခံနိုင်သည့် အရာမျိုးများဆိုလျှင် မြန်မာဘက်မှ လက်မခံနိုင်ဟု ၎င်းက ဆိုသည်။

“ဆိုပါစို့၊ ရိုဟင်ဂျာပေါ့။ ဒါမျိုးကိစ္စဆိုရင် အသိအမှတ်မပြုဘူး။ တိုင်းရင်းသားထဲမှာ မရှိဘူး။ UN တိုက်တွန်း ချက်တွေထဲမှာ ဒါမျိုးတွေပါလာရင် ကျွန်တော်တို့နိုင်ငံက လက်မခံဘူး။ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ ကိစ္စမျိုးတွေဆိုရင် အချုပ်အခြာအာဏာကို ဦးစားပေးရမယ်”ဟု ၎င်းအကြီးတန်းအရာရှိ က ပြောသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာကို တင်သွင်းရန် တာဝန်ရှိသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တားနားသည် ၎င်း၏ ရာထူးသက်တမ်းမကုန် ဆုံးမီ နောက်ဆုံး ခရီးအ ဖြစ် ဖေဖော်ဝါရီ ၁၄ ရက်မှစ၍ ခြောက်ရက်တာ လာရောက်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းရှိ ကြေးနီစီမံ ကိန်း နှင့် ရန်ကုန်ရှိ သီလ၀ါရေနက်ဆိပ်ကမ်းစီမံကိန်း အပါအ၀င် ဒေသခံတို့၏ ဖွံ့ဖြိုးရေးနှင့် ပြည်သူတို့၏ လိုအပ်ချက်များအပေါ် မည်မျှအကျိုးပြုနိုင်မည်ကို အကဲဖြတ်ရန်ရှိသည်ဟု ကုလသမဂ္ဂရုံးမှ သတင်း ထုတ် ပြန်ထားသည်။

မစ္စတာ အိုဟေးကင်တားနား၏ ခရီးစဉ်အတွင်း နေပြည်တော်အပါအ၀င် ရခိုင်၊ ကရင်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းရှိ ကြေးနီသတ္တုမိုင်းနှင့် ရန်ကုန် သီလ၀ါ ရေနက်ဆိပ်ကမ်းတို့သို့ သွားရောက်ရန် စီစဉ်ထား သည်။

သမ္မတရုံးမှ အကြီးတန်းအရာရှိက “သူသွားမယ့်နယ်တွေကို ဖော်ပြထားချက်အရဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျယ်ပြန့်တဲ့ ဒီဖြစ်ရပ်တွေ အကုန်လုံးပါဝင်အောင် နောက်ဆုံးအနေနဲ့ သွားမယ်လို့ ယူဆပါတယ်။ အခြေအနေမှန်နဲ့ ကိုက်ညီတဲ့ ရှုမြင်သုံးသပ်ချက်တွေရှိဖို့တော့ လိုတယ်။ ဆိုလိုတာက စံနှုန်းတွေ နဲ့ကြည့်ပြီးတော့ ဒီမှာ လာတိုင်းတာလို့မရဘူး။ ပြဿနာကို ပိုမိုကြီးထွားမလာစေဘဲ ကူညီဖြေ ရှင်းပေးရာ ရောက်တဲ့ ရှုမြင်သုံးသပ်ချက်တွေပေးဖို့ လိုတယ်”ဟု ပြောသည်။

စစ်ကိုင်းတိုင်းရှိ ကြေးနီသတ္တုမိုင်းနှင့် သီလ၀ါရေနက်ဆိပ်ကမ်းတို့သို့ သွားရောက်မည့် ကင်တားနား၏ အစီအစဉ်များတွင် ယင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများက လူထု၏လိုအပ်ချက်များကို မည်မျှအကျိုးပြုနိုင် မည်ဆိုသည်ကို အဓိကအကဲဖြတ်ရန် ဖြစ်သည်။

“ကျန်းမာရေးစောင့်ရှောက်မှု၊ လူနေမှုဖူလုံရေး အဆင့်အတန်း၊ ပညာရေး စတာတွေအပါအ၀င် လူ့အခွင့် အရေးတွေကို ဒီဖွံ့ဖြိုးရေးစီမံကိန်းတွေက အပြုသဘောနဲ့ ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်စေနိုင် ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ လုပ်တာမဟုတ်ဘူးဆိုရင်တော့၊ အဲဒီစီမံကိန်းတွေ ဟာ မြေယာသိမ်းမှုတွေ၊ အတင်းအကျပ် နှင်ထုတ်မှုတွေ၊ ဒေသခံတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရတာ မျိုးတွေဆီကို ဦးတည်သွားနိုင်ပါတယ်။ အခုအချိန်ဟာ ဖွံ့ဖြိုးရေးအတွက် စံနှုန်းတွေ ပုံသေချမှတ်ရမယ့် အချိန်ပါ”ဟု ကင်တားနားက ပြောသည်။

ထို့ပြင် အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေးဆိုင်ရာ တာဝန်ရှိသူများနှ င့် နေပြည် တော် တွင် တွေ့ဆုံရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲ လမ်းကြောင်းနှင့် အညီ ဖွဲ့ စည်းပုံအခြေခံဥပဒေကို အဓိက ပြင်ဆင်ပြောင်းလဲရန် လိုအပ်မှုကို ပြောကြားမည်ဟု ယင်း ထုတ်ပြန် ချက် ၌ ဆိုသည်။

“ရခိုင်ပြည်နယ်မှာ မောင်တောမြို့နယ်အပါအ၀င် ပြည်နယ်ထဲက ဒေသတွေရဲ့ လူ့အခွင့်အရေး အခြေ အ နေတွေတိုးတက်လာဖို့ မြန်မာအစိုးရအနေနဲ့ ဘယ်လိုခြေလှမ်းတွေ လှမ်းထားသလဲဆိုတာကို အကဲဖြတ် နိုင် လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု လူ့အခွင့်အရေးကျွမ်းကျင်သူ ကင်တားနား ကပြောသည်။ ရခိုင်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဗဟိုအစိုးရအဖွဲ့ဝင်များ၊ ဒေသခံများနှင့် လည်း တွေ့ဆုံမည်ဖြစ် သည်။

ကချင်ပြည်နယ်သို့ သွားရောက်မည့်အစီအစဉ်တွင် အထူးကိုယ်စားလှယ် ကင်တားနားသည် မြန်မာအစိုး ရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) တို့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ တိုးတက်မှုအပေါ် အကဲဖြတ်မည်ဖြစ်ပြီး၊ ဒေသခံများ၏ မျှော်လင့်ချက်များနှင့် ပြင်းပြသော ဆန္ဒများအကြောင်းကို ဒေသခံ များနှင့် ဆွေးနွေးမည်ဖြစ်သည်။

မစ္စတာကင်တားနားသည် ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပကာ သူ၏ပဏာမလေ့လာချက်များကို သတင်း ထုတ် ပြန်ရန် စီစဉ်ထားသည်။ သူ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်သည့် အစီရင်ခံစာ အပြည့်အစုံကို မူ၂၀၁၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းမည်ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment