Tuesday, February 11, 2014

ယူကရိန်းနိုင်ငံတွင် အကြမ်းဖက်မှုများ ပေါ်ပေါက်လာနိုင်သည့်အတွက် တပ်လှန့်ထား

ယူကရိန်းနိုင်ငံ၏ အရေးပါသော နေရာများဖြစ်ကြသည့် လေဆိပ်များ၊ ဘူတာရုံများ၊ ပိုက်လိုင်းများနှင့် နျူကလီးယား စက်ရုံများကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုများ တစ်နေ့တခြား တိုးပွားလာနေသဖြင့် အကြမ်းဖက်တိုက်ခိုက်မှု နှိမ်နင်းရေးအဖွဲ့များကို တပ်လှန့်ထားကြောင်း ယူကရိန်းနိုင်ငံ လုံခြုံရေးဌာနက တနင်္ဂနွေနေ့က ကြေညာလိုက်သည်ဟု ဖေဖော်ဝါရီ ၁၀ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။


တန်ပြန်ထောက်လှမ်းရေး အေဂျင်စီ တစ်ခုဖြစ်သည့် SSBU က ကာကွယ်ရေး လုပ်ငန်းများကို အဓိက ထားကြောင်းသာ ပြောကြားပြီး နိုဝင်ဘာလမှ စတင်ခဲ့သည့် နိုင်ငံစီးပွားရေးကို လှုပ်ရှားရိုက်ခတ်စေခဲ့ သောလူစုလူဝေးဖြင့် ဆန္ဒပြမှုများအကြောင်းကို တိတိကျကျပြောဆိုခြင်း မရှိခဲ့ပေ။

မဟာဗျူဟာကျသည့် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး ဗဟိုအချက်အခြာနေရာများ၊ စွမ်းအင်ဖြန့်ဖြူး သည့် စက်ရုံများကို ပစ်မှတ်ထား ဖောက်ခွဲမည့်အကြောင်းနှင့် လက်နက်အများအပြား သိုလှောင်ထား သည့် နေရာများကို ၀င်ရောက်စီးနင်းမည် ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတယာနူကိုးဗစ်ကို ဖြုတ်ချရန် နှစ်လကျော်ကြာ ကီးယက်မြို့ ဗဟိုအချက်အခြာနေရာများကို သိမ်းပိုက်ထားသည့် ဆန္ဒပြသမားများသည် နိုင်ငံပိုင် အဆောက်အအုံ အတော်များများကို သိမ်းပိုက်ထားပြီး ရဲ တပ်ဖွဲ့ဝင်များနှင့် မကြာခဏဆိုသလို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြသည်။

အစီအစဉ်အသစ်များက အများပြည်သူ လုံခြုံရေးနှင့်အကြမ်းဖက်ရန် ရည်ရွယ်သည့် ရာဇ၀တ်မှုမကင်းသည့် လုပ်ရပ်များကို တားဆီးကာကွယ်ရန်သာ ရည်ရွယ်ကြောင်း SBU ကထုတ်ပြန်သော ကြေညာချက် တွင် ဖော်ပြထားသည်။

အမည်မဖော်လိုသူများက ဗုံးခွဲ တိုက်ခိုက်ကြမည်ဟု ခြိမ်းခြောက်လာကြောင်းကိုသာ အေဂျင်စီကပြော ကြားပြီး အသေးစိတ်ကို ပြောကြားခြင်း မရှိခဲ့ပေ။

ဆိုချီမြို့သို့သွားမည့် လေယာဉ်တစ်စင်းကို ပြန်ပေးဆွဲရန် ကြိုးပမ်းနေသော ယူကရိန်း အတိုက်အခံများကို အားပေးထောက်ခံသူ တစ်ဦးကို အစ္စတန်ဘူလ်မြို့တွင် သောကြာနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး နောက် ထိုသို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment