Friday, February 28, 2014

အေရှားဝေါလ်ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီက ကွမ်းခြံ ကုန်း၌ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေး စက်ရုံစီမံကိန်းသည် အစိုးရ၏ ခွင့်ပြုချက်မရပါက တည်ဆောက်မည် မဟုတ် ဟု ဆို

ကွမ်းခြံကုန်းမြို့နယ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစီမံကိန်း လျာထားမြေနေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

အေးရှားဝေါလ်ကုမ္ပဏီခွဲဖြစ်သည့် ကောင်းမြတ်သောမြေကုမ္ပဏီမှ တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်ခြင်းအဆင့်သာ ရှိသေးပြီး အစိုးရ၏ခွင့်ပြုချက် မရပါက တည်ဆောက်မည် မဟုတ်ကြောင်း စီမံကိန်းအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဖေဖော်ဝါရီ ၂၇ ရက်  ကွမ်းခြံကုန်းမြို့နယ် သောင်ခုံကျေးရွာတွင် ပြုလုပ်သည့် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် Eleven Media Group သို့ပြောကြားသည်။


“အခုက အကြမ်းဖျင်း MOU ထိုးတဲ့ အဆင့်ပဲ ရှိသေးတယ်။ MOU သဘောတူညီချက်အရ သဘာဝပတ် ဝန်းကျင် ထိခိုက်မှုအန္တရာယ်၊ လူမှုပတ်ဝန်းကျင်ထိခိုက်မှု အန္တရာယ်ဆန်းစစ်တဲ့ အဆင့်ပဲရှိသေးတယ်။ အဲဒါတွေ စိစစ်ပြီး စစ်တမ်းရလာရင် နိုင်ငံတော်အစိုးရဆီကို တင်မယ်။ အစိုးရအနေနဲ့ ခွင့်ပြုတယ်ဆိုမှ လုပ်လို့ ရမယ်။ ခွင့်မပြုဘူးဆိုရင်တော့ ဒီစီမံကိန်းက အကောင်အထည်ဖော်လို့ ရမှာမဟုတ်ပါဘူး”ဟု စီမံကိန်း အထွေထွေမန်နေဂျာ ဦးမြင့်ဦးက ဆိုသည်။

ဆက်လက်၍ စီမံကိန်းအားနိုင်ငံတကာမှ ပူးပေါင်းလုပ်ကိုင်ရန် နိုင်ငံလေးနိုင်ငံအား လျာထားပြီး နည်းပညာအားဖြင့် ဂျပန် (သို့) တရုတ်နည်းပညာအား အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ဘယ်နိုင်ငံ၏ နည်းပညာအား အသုံးပြုသွားမည် ဆိုသည်ကို တိတိကျကျ ပြောဆို၍မရသေးကြောင်း ၎င်းကပြောကြားသည်။

 “လူမှုပတ်ဝန်းကျင်ထိခိုက်မှု လေ့လာဆန်းစစ်ချက် (EISIA) လုပ်ထုံးလုပ်နည်းရရင် နိုင်ငံတော်ကို တင်မယ်။ စိစစ်ပြီးရင် ဒေသခံတွေကို ပြန်ချပြမယ်။ အဲဒီလို သဘောတူညီချက်တွေရတော့မှ နိုင်ငံတော်ကို ဘယ်နည်းစနစ်နဲ့လုပ်မယ်။ ဘယ်နည်းပညာနဲ့ ဘယ်ကုမ္ပဏီ၊ ဘယ်နိုင်ငံနဲ့ လုပ်မယ်ဆိုတာ ပြန်တင်ရမှာပါ။ ဘယ်နိုင်ငံနဲ့ လုပ်မယ်ဆိုတာက လေ့လာထားတာတော့ ရှိတာပေါ့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ ဩစတြေးလျတို့ ဖြစ်ဖို့များတယ်။ နည်းပညာပိုင်းအရတော့ ဂျပန် သို့မဟုတ် တရုတ်ဖြစ်ဖို့များတယ်။ ဘယ်နိုင်ငံ က နည်းပညာဆိုတာကတော့ ကျွန်တော့်အနေနဲ့ ပြောဖိုစောသေးတယ်”ဟုဦးမြင့်ဦးက ဆက် လက်ပြောကြားသည်။

လူမှုပတ်ဝန်းကျင် လေ့လာဆန်းစစ်မှုအား NIPPON KOEI ကုမ္ပဏီမှ ပြုလုပ်လျက်ရှိပြီး စက်ရုံစီမံကိန်းကို စင်ကာပူ အခြေစိုက် Bell Pottinger  ကုမ္ပဏီမှ နိုင်ငံတကာနှင့် ချိတ်ဆက်နိုင်ရန်အတွက် ကွင်းဆင်းလေ့လာ မှု များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဒီနေ့လုပ်တဲ့ လူထုတွေ့ဆုံပွဲမှာ ကျွန်တော်တို့မေးတဲ့ မေးခွန်းတွေကို ရှင်းရှင်းလင်းလင်း ဖြေသွားတယ်လို့ မယူဆဘူး။ ဒေသရဲ့ သောက်သုံးမယ့်ရေနဲ့ ပတ်သက်ပြီးတော့ သူတို့က စမ်းသပ်မှာပါတဲ့ ။ ကျွန်တော်တို့က မိုးရေကိုသောက်တယ်။ ဒီ မိုးရေတွေက အဆိပ်အတောက်တွေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုကာကွယ်ပေး မလဲမေးတော့  သူတို့က ဘာမှမပူပါနဲ့။ အကုန်ဆန်းစစ်ပြီးမှ လုပ်မှာပါလို့ဖြေတယ်။ ဒီစီမံကိန်းက ဆိုးကျိုးတွေပေးလို့ နိုင်ငံတော်က ဖျက်ဆိုရင်ဖျက်မှာလားလို့ မေးတဲ့အခါ ဒီအဆင့်က ပညာရှင်တွေကိုမေးပြီးမှ ဖြေလို့ရမယ်လို့ပြောတယ်” ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် သောင်ခုံ ကျေးရွာနေ ဦးမောင်ဌေးက ပြော ကြားသည်။

အဆိုပါ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းတွင်  ပထမအဆင့် ၁၅ဝ မဂ္ဂါဝပ်စက်ရုံ နှစ်ရုံ၊ ဒုတိယအဆင့် ၃၃ဝ မဂ္ဂါဝပ်စက်ရုံ သုံးရုံ၊ တတိယအဆင့် ၆၆ဝ မဂ္ဂါဝပ်စက်ရုံ သုံးရုံ စုစုပေါင်း မဂ္ဂါဝပ် ၃၂၇ဝ ထွက်ရှိသည်အထိ အဆင့်ဆင့် တည်ဆောက်သွားမည်ဖြစ်ကာ တန်ချိန် ၂ဝဝဝဝ ရှိသော ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး ဆိပ်ခံတံတားတစ်ခုကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။

Eleven Media Group

No comments:

Post a Comment