Thursday, February 13, 2014

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် စီမံကိန်းချထားမှုများအား လွှတ်တော်ကိုယ်စားလှယ်များ ကြည့်နိုင်သလောက် အလွဲများတွေ့နိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းပြောကြား

အမျိုးသားစီမံကိန်း ဥပဒေကြမ်းတွင် ၀န်ကြီးဌာနများ၏ စီမံကိန်းလျာထားမှုများကို လွှတ်တော် ကိုယ်စား လှယ်များကြည့်ရင် ကြည့်နိုင်သလောက် အလွဲများ ထပ်မံတွေ့နိုင်ကြောင်း သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားသည်။


မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနမှ လျာထားသည့် ရေရရှိရေး လုပ်ငန်းစီမံချက်များတွင် ပဲခူးတိုင်းဒေသကြီး သနပ္ပင်ကျေးရွာအတွက် ကျပ်သန်း ၃၀၈ လျာထားချိန်တွင် နတ်တလင်းမြို့နယ်အတွက် ကျပ်ခြောက်သိန်းသာ လျာထားသည်ကို တွေ့ရကြောင်း၊ ဆည်တည်ဆောက် ၍ ရသည့် နေရာနှင့် တူးမြောင်းပဲသွယ်ပြီး ရေရရှိရေး ဆောင်ရွက်ရသည့် နေရာများ ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် ကွာခြားနိုင်ကြောင်း၊ ယင်းသို့ကွာခြားမှုသည် အဓိပ္ပာယ်ရှိကြောင်း ဦးဝင်းသန်းက ဆွေးနွေးခဲ့ သည်။

“စီမံကိန်းလျာထားမှု ကွာခြားတာကို နမူနာ တင်ပြခြင်း ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာန တစ်ခုတည်း၊ ဒီဦးစီးဌာန တစ်ခုတည်းမှာတင် ရှိနိုင်တာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေကြည့်ရင် ကြည့်နိုင်သလောက် အလွဲတွေတွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး ပြည်နယ်အလိုက် စီမံကိန်းလျာထားမှု မျှတစေဖို့ တင်ပြခြင်းဖြစ်ပါတယ်” ဟု ဦးဝင်းသန်းက ပြောကြးသည်။

ဧရာဝတီတိုင်းဒေသကြီးအတွက် လမ်းတံတား လျာထားမှုများတွင် ကျပ်သန်းပေါင်းများစွာ လျာထား သည်ကို တွေ့ရကြောင်း၊ ငပုတောမြို့နယ်အတွက် ကျပ်သန်းပေါင်း ၆၃၅၆ လျာထားချိန်တွင် ဒေးဒရဲမြို့နယ် အတွက် ကျပ် ၁၈ ဒသမ ၇၅ သန်းသာ လျာထားသည့်အတွက် များစွာကွာခြားနေကြောင်း ထောက်ပြ ခဲ့သည်။

ကျေးလက်မီးလင်းရေး ကဏ္ဍတွင် စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆိုလာစီမံကိန်း လျာထားမှုတွင် ဆိုလာ သည် ယူနစ် အလိုက် တပ်ဆင်ရခြင်း ဖြစ်သည့်အတွက် လျာထားမှုတွင် ကွာခြားမှုများ ရှိနေကြောင်း၊ ကန့်ဘလူမြို့နယ်အတွက် ကျပ်သန်းပေါင်း ၁၀၉၂ ကျော် လျာထားချိန်တွင် ကောလင်းမြို့နယ်အတွက် ကျပ် ၉ ဒသမ ၆ သန်းသာ လျာထားသည်ကို တွေ့ရကြောင်း ထောက်ပြထားသည်။

ဥပဒေအရ လွှတ်တော်သည် တိုးပေး၍မရနိုင်ကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဖြတ်တောက်ခြင်း မပြုလိုကြောင်း၊ စီမံကိန်းများကို အဆိုပြုချိန်တွင် မျှတစွာလျာထားရန် လိုအပ်ကြောင်း၊ ယင်းကဲ့သို့ မျှတစေရန်အတွက် တင်ပြဆွေးနွေးဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စီမံကိန်းတွေကို နိုင်ငံတော်ဒုတိယသမ္မတ ဦးစီးပြီး စိစစ်တာဆိုတော့ မျှတနိုင်တယ်လို့ ယူဆကြမှာပါ။ အဲဒီအောက်မှာ ပြန်ခွဲတဲ့အချိန်မှာ လွှတ်တော်က အတည်ပြုပြီးချိန်မှာ ဒီအတိုင်းပဲ ပြန်ဖြန့်ခွဲမယ်ဆိုရင် မမျှတမှုတွေ ဖြစ်လာနိုင်ပါတယ်။ ၀န်ကြီးဌာနတွေက တင်ပြတဲ့ စီမံကိန်း လျာထားချက်တွေကို တစ်ထစ်ချ လွဲနေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” ဟု ဆွေးနွေးခဲ့သည်။

လမ်းတံတား စီမံကိန်းများအတွက် ကျပ် ၁၆၃ ဘီလျံကျော်၊ ရေရရှိရေးအတွက် ၃၇ ဘီလျံကျော် လျာထား သည်ကို တွေ့ရကြောင်း၊ စီမံကိန်းများကို ပြန်လည်စိစစ်ရာတွင် ဂျီဒီပီနှင့် လိုငွေအချိုး ငါးရာခိုင်နှုန်း မကျော်ရုံ သက်သက်နှင့် ငါးရာခိုင်နှုန်း ကျော်မည်ကိုပဲ ပြည့်ပြီးမဆောင်ရွက်သင့်ကြောင်း၊ စီမံကိန်းများကို စိစစ် ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မတတ်နိုင်ကြောင်း၊ ပြည်ထောင်စုလွှတ်တော် နာယကကြီးမှ စီမံကိန်းများ မျှတစွာလျာထားရန် ဆောင်ရွက်ပေးစေလိုကြောင်း ဦးဝင်းသန်းက ဆွေးနွေးပြောကြားသည်။

Eleven Media Group

No comments:

Post a Comment