Wednesday, February 5, 2014

ငွေဒဏ်မဆောင်နိုင်မှသာ ထောင်ဒဏ်ကျခံရမည်ဖြစ်သော အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု

အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥပဒေအမှတ် ၅/၂၀၁၄)ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။


အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီမှ အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် စိစစ်ခဲ့ပြီး ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များအတိုင်းသာ အတည်ပြု သင့်ကြောင်း သဘောထားမှတ်ချက်ပေးထားသော အစီရင်ခံစာကို ဇန်န၀ါရီ ၁၆ ရက်ကပြုလုပ်သော အမျိုးသား လွှတ်တော်၌ တင်သွင်းခဲ့သည်။

ထို့နောက် အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသဖြင့် ဖေဖော်ဝါရီ ၄ ရက်တွင်ပြုလုပ်သော အမျိုးသားလွှတ်တော်၌ ပြင်ဆင်ထားသည့် တစ်ပိုဒ်ချင်းစီ လွှတ်တော်၏သဘောထားရယူကာ အတည်ပြုခဲ့ခြင်းဖြစ်သည်။ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် မူလဥပဒေပါ ပြစ်ဒဏ်များကိုသာ အဓိကထား ပြင်ဆင်ထားပြီး မူလဥပဒေတွင် ပြဋ္ဌာန်းထားသော ထောင်ဒဏ်များကို လျှော့ချခြင်းဖြစ်ကာ ငွေဒဏ်၏ တန်ဖိုးများကိုလည်း သတ်မှတ်၍ ယင်းငွေဒဏ် မဆောင်နိုင်မှသာလျှင် ထောင်ဒဏ်ကို ချမှတ်ရမည်ဟု ပြောင်းလဲပြင်ဆင်ထားကြောင်း သိရသည်။

မူလဥပဒပုဒ်မ ၃၃ တွင် ပါရှိသော “အနည်းဆုံး ခုနစ်နှစ်မှ အများဆုံး ၁၅ နှစ်အထိ” စကားရပ်အစား “အနည်းဆုံး ငါးနှစ်မှ အများဆုံး ခုနစ်နှစ်အထိ” ဟုလည်းကောင်း၊ ပုဒ်မ ၃၄ တွင်ပါရှိသော “ထောင်ဒဏ် ငါးနှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” စကားရပ်အစား “ငွေဒဏ် ကျပ်သိန်း ငါးဆယ်မှ ကျပ်သိန်းတစ်ရာအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ရမည်” ဟုလည်းကောင်း ပြင်ဆင်ထား သည်။

ထို့အပြင် မူလဥပဒေပုဒ်မ ၃၅ တွင် ပါရှိသော “ထောင်ဒဏ်သုံးနှစ်အထိဖြစ်၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” စကားရပ်အစား “ငွေဒဏ်ကျပ်တစ်ဆယ်သိန်းမှ ကျပ်သိန်းငါးဆယ်အထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်အနည်းဆုံး ခြောက်လမှ အများဆုံး တစ်နှစ်အထိ ချမှတ်ရမည်” ဟုလည်းကောင်း၊ ပုဒ်မ ၃၆ တွင်ပါရှိသော “ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” စကားရပ်အစား “ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်” ဟုလည်းကောင်း ပြင်ဆင်ထားသည်။

အလားတူ ပုဒ်မ ၃၇ တွင်ပါရှိသော “ထောင်ဒဏ်တစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” စကားရပ်အစား “ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်သုံးသိန်းအထိ ချမှတ်ရမည်။ ဒဏ်ငွေမဆောင်ပါက ထောင်ဒဏ်သုံးလအထိ ချမှတ်ရမည်” ဟု ပြင်ဆင်ထားသည်။

ထိုကဲ့သို့ ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်များအတိုင်း အမျိုးသားလွှတ်တော်မှလည်း အတည်ပြုခဲ့သဖြင့် လွှတ်တော်နှစ်ရပ်အကြား သဘောကွဲလွဲခြင်း မရှိသောကြောင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးသကဲ့သို့ မှတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment