Monday, February 24, 2014

ရပ်ကွက်များတွင် အခွန် လိုက်လံ ကောက်ခံမည့်စနစ် စတင်ရန် စီစဉ်

နိုင်ငံ၏ ရသင့် ရထိုက်သည့် အခွန်များ ဆုံးရှုံးမှု မရှိစေရန် လာမည့် ဘဏ္ဍာနှစ်မှ စတင်၍ ရပ်ကွက်များ၊ ဈေးများသို့ အဖွဲ့များ ဖွဲ့၍ အခွန် လိုက်လံ ကောက်ခံရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ထံမှ သိရသည်။


လက်ရှိ အချိန်အထိ မြို့နယ်၊ ရပ်ကွက်များ အတွင်းသို့ အခွန် လိုက်လံ ကောက်ခံနိုင်ခြင်း မရှိသေးခြင်းကြော င့် ရရှိရမည့် အခွန်ငွေများ နစ်နာနေကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။ “အောက်ခြေ မှာ ရနိုင်တဲ့ အခွန်တွေ လစ်ဟင်းမှု မရှိအောင်လို့ပါ” ဟု အဆိုပါဌာန အကြီးတန်း အရာရှိ တစ်ဦးက ပြော ဆိုသည်။

အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ် မေလတွင် စတင် ဖွဲ့စည်းခြင်း ဖြစ်ကာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ တစ်ဦးချင်းနှင့် အများပိုင် အရက်ချက် လုပ်ငန်းများ၊ စားသောက်ဆိုင်ကြီးများ၊ ကေတီဗီနှင့် စင်တင် တေးဂီတ စားသောက်ဆိုင်များကို လိုက်လံ ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါ ဘုတ်အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ် အတွင်းကလည်း အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ကေတီဗီနှင့် စင်တင် တေးဂီတ စားသောက်ဆိုင်များ၏ နေ့စဉ် ရောင်းချရသည့် အမြတ်ငွေများနှင့် သတ်မှတ် ထားသည့် အခွန် ဥပဒေများ အတိုင်း အတိအကျ ပေးဆောင်ခြင်း ရှိမရှိကို လိုက်လံ စစ်ဆေးခဲ့ကြောင်း၊ အခွန်စိစစ် ကြပ်မတ်ရေး ဘုတ်အဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စားသောက်ဆိုင် လုပ်ငန်းရှင်များကို ခေါ်ယူ တွေ့ဆုံကာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်မည် ဆိုခြင်းကို အသိပေး ထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

ရန်ကုန်မြို့တွင် စင်တင် တေးဂီတ စားသောက်ဆိုင် ၁၄ ဆိုင်၊ ကေတီဗီ ၃၉ ဆိုင်နှင့် စားသောက်ဆိုင် ၄၂၀ ရှိကြောင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment