Monday, February 10, 2014

ဉာဏပစ္စည်းမူပိုင်ခွင့် သတင်းအချက်အလက်ဌာန UMFCCI တွင် ဖွင့်မည်

ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက် ဌာနကို စီးပွားရေး လုပ်ငန်းရှင်များနှင့် အများပြည်သူ လေ့လာနိုင်ရန် ယခုနှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် (UMFCCI)တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း UMFCCI လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဒုတိယ အမှုဆောင်အရာရှိ ဒေါ်ဇာဇာတင်ထွဋ်က The Voice သို့ ပြောကြား သည်။


ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ သတင်းအချက်အလက်ဌာန (IP Information and Publication Center) ကို ကမ္ဘာ့ဉာဏ ပစ္စည်းမူပိုင်ခွင့် အဖွဲ့အစည်း (WIPO) ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ အသင်းချုပ်၏ ဥပဒေရေးရာ ကော်မတီက ကြီးကြပ်မည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“WIPO က ပေးထားတဲ့ IP (Intellectual Property)နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထားပေးမယ်။ Library တစ်ခုလို သာမကဘဲ တခြားသတင်း အချက်အလက်တွေကိုပါ လေ့လာနိုင်ဖို့ မျှဝေသွားမယ်” ဟု ၎င်းက ရှင်းပြသည်။

ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်၍ ပြည်တွင်းရှိ လုပ်ငန်းရှင်များ အကြားတွင် အသိပညာ၊ ဗဟုသုတ နည်းပါးနေသေးပြီး ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် အသိပညာပေး ဆွေးနွေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲ များတွင်လည်း တက်ရောက်သူဦးရေ အလွန်နည်းပါးကြောင်း အဆိုပါ အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

ယခုနှစ်လယ်ပိုင်းတွင် ထွက်ရှိရန် မျှော်မှန်းထားသော မြန်မာနိုင်ငံ ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ (IPRs Law) ပြဋ္ဌာန်းပြီးပါက ပြည်တွင်းရှိ ကုန်အမှတ်တံဆိပ်များ အားလုံးကို ၂၄ လအတွင်း ပြန်လည် မှတ်ပုံတင်ရန် လိုအပ်ကြောင်း EU-Asean SME IPR Help Desk မှ မြန်မာ ကျွမ်းကျင်ပညာရှင် ဦးမင်းတေဇ ညွန့်တင်က ဆိုသည်။

“ဒီဥပဒေ ထွက်လာရင် အရင်ဆုံးလာပြီး မှတ်ပုံတင်တဲ့သူက အရင်ဆုံး အခွင့်အရေးရမယ်။ ဒါကို ကန့် ကွက်မယ် ဆိုရင် Related Ground (ဒီကုန်အမှတ် တံဆိပ်ကို ဘယ်အချိန်က စလုပ်တယ်၊ အများ သိအောင် ဘာတွေလုပ်ခဲ့တယ်) တွေရှိထားရမယ်။ လုပ်ငန်း သမိုင်းကြောင်းတွေ သေချာရှိနေရမယ်” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ဥပဒေ ပြဋ္ဌာန်းပြီးပါက လုပ်ငန်းရှင်များအကြား အငြင်းပွားမှုများ ဖြစ်ပွားလာနိုင်သဖြင့် ကုန်အမှတ် တံဆိပ်နှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုကြောင်း ၎င်းကဆိုသည်။

အဆိုပါ IPRs ဥပဒေ မရှိသေးသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထင်သလောက် မဝင်လာခြင်း ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု၏ အထွေထွေ အခွန်သက်သာခွင့် (GSP) ကိုလည်း မရရှိသေးကြောင်း ဒေါက်တာ မောင်မောင်လေးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment