Friday, March 7, 2014

မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို

Photo: မြောက်ကိုရီးယားနှင့် စစ်ရေးဆက်ဆံမှု လုံးဝမရှိဟု အစိုးရ ထပ်မံငြင်းဆို
Friday, March 7, 2014 

တပ်မတော် အစိုးရလက်ထက် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်ရေးဆိုင်ရာ ဆက်ဆံမှုများ ရှိခဲ့သော်လည်း ယနေ့အချိန်တွင် ပုံမှန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးမှ အပ စစ်ဘက်ဆိုင်ရာ ဆက်ဆံမှုများ လုံးဝ မရှိတော့ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က ထပ်မံ ငြင်းဆိုလိုက်သည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်သည့် မြောက်ကိုရီးယား စစ်ရေးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားတို့ စစ်လက်နက် ရောင်းဝယ်မှုများ ရှိနေသေးကြောင်း ဖော်ပြထားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် မြောက်ကိုရီးယားနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်များ အတိုင်း လိုက်နာမည် ဖြစ်ပြီး သံတမန် ဆက်ဆံရေးမှ အပ စစ်ရေးဆိုင်ရာ ဆက်သွယ်မှုများ ရပ်ဆိုင်းထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
“အကြိမ်ကြိမ် ပြောပြီးသားပါ၊ လက်တွေ့မှာလည်း တကယ်မရှိပါဘူး” ဟု ဦးရဲထွဋ်က ဆိုသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက ယင်းနိုင်ငံ ကွန်ဂရက်သို့ တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို ခပ်ခွာခွာ ပြုလုပ်နေသော်လည်း စစ်လက်နက်ပစ္စည်း ဝယ်ယူမှုများမှာမူ ရှိနေဆဲ ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ စစ်လက်နက် ပစ္စည်းများကို မြန်မာ အပါအဝင် အီရန်၊ ဆီးရီးယားနှင့် အခြားနိုင်ငံများသို့ ကမ္ဘာအနှံ့ ကွန်ရက်ကို ချိတ်ဆက် ရောင်းချမှုများ ပြုလုပ်နေကြောင်း၊ နည်းပညာ လွှဲပြောင်းမှု များလည်း ပါဝင်ကြောင်း အမေရိကန် အစီရင်ခံစာတွင် ပါရှိသည်။

မြန်မာအစိုးရက မြောက်ကိုရီးယားနှင့် ပုံမှန် မဟုတ်သည့် ဆက်ဆံရေးများ ရပ်ဆိုင်းပြီး ဖြစ်သည်ဟု ဆိုသော်လည်း ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနှင့် လက်နက် ရောင်းဝယ်မှု အတွက်ဟု ဆိုကာ အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ အရေးယူခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ချမှတ်ထားသော ဆုံးဖြတ်ချက်အရ မြန်မာအစိုးရ အနေနှင့် မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုကို ကန့်သတ် တားမြစ်ထားသည်။

The Voice Weekly

No comments:

Post a Comment